လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းကတော့ အကယ်၍ မန်စီးတီးအသင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂နှစ် ပွဲပယ်ခံခဲ့ရပါက အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ မန်စီးတီးအသင်းဟာ ဥရောက ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFAရဲ့ နာမည်ကျော် FFP စည်းမျဉ်းကို အတုအယောင် စာချုပ်တွေနဲ့ လိမ်လည်လှည့်ဖျားခဲ့မှုကို E-mail တွေကနေ တဆင့် ဖွင့်ချခံခဲ့ရပြီး နောက်မှာ UEFAရဲ့ စုံစမ်း စစ်ဆေးမှုတွေကို ခံခဲ့ရပြီး ပြစ်မှုထင်ရှားတယ် လို့ ယူဆခံရတာကြောင့် ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် နှစ်နှစ် ပိတ်ပင်ခံခဲ့ ရပါတယ်။

Photo Credit: Talksport.com

မန်စီးတီးအသင်းကတော့ အဆိုပါ ပြစ်ဒဏ်ချမှုကို လိုက်နာရန် ငြင်းဆန်ခဲ့ပြီး သူတို့အသင်း ဟာ မည်သည့် စည်းကမ်းချိုးဖောက်မှုမျိုးကိုမှ မပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သလို အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံး(ICS) မှာ အယူခံဝင်ထားခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိ မှာ မန်စီးတီးရဲ့ အဆိုပါပြစ်ဒဏ်ဟာ ဆိုင်းငံ့ ပြစ်ဒဏ်တစ်ခု အဖြစ် ရှိနေပြီး အကယ်၍ ICS မှာသာ မန်စီးတီးအသင်း အနိုင်ရခဲ့ပါက ၂နှစ် ပွဲပယ် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရမှာဖြစ်ကာ အကယ်၍ အမှုကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ပြစ်ဒဏ်ကို တိုးမြှင့်ခံရနိုင်ချေ ရှိပါတယ်။ လက်ရှိမှာတော့ ဒီဘရိုင်းက မန်စီးတီးအသင်း ဟာ အဆိုပါအမှုမှာ အနိုင်ရမယ်လို့ ယုံကြည် ထားကြောင်း ကစားသမားတွေကို ပြောပြထားခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပြီး မန်စီးတီးအသင်းကို သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit: Talksport.com

ဒါပေမယ့် ဒီဘရိုင်းက အကယ်၍ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂နှစ် ထုတ်ပယ် ခံခဲ့ရပါက သူ့အနေနဲ့ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီဘရိုင်း က ” ကျွန်တော်က အဖြေကို စောင့်ဆိုင်းနေဆဲပါပဲ။ အသင်းက အယူခံဝင်သွားမယ့်အကြောင်း ကျွန်တော်တို့ကို အကြောင်းကြား ထားသလို သူတို့အနေနဲ့ မှန်ကန်တဲ့ဘက်မှာ ရှိတယ်လို့ အသင်းက ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် ဘာတွေဆက်ပြီး ဖြစ်လာမလဲဆိုတာ ကျွန်တော် စောင့်ကြည့်နေတာပါ။ အသင်းကို ယုံကြည်မှု အပြည့်ရှိပါတယ်။ တကယ်လို့ ဆုံးဖြတ်ချက် ထွက်လာရင် ကျွန်တော်က အားလုံးကို သေချာ ဆုံးဖြတ်သွားမှာပါ။ ၂နှစ်ဆိုတဲ့ အချိန်က တော်တော်လေး များပါတယ်။ ဒါပေမယ့် ၁နှစ် ထဲ ဆိုရင်တော့ ဒါက လက်ခံလို့ရတဲ့ အရာ တစ်ခုပါ ” လို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရရင် အသင်းမှ ထွက်ခွာနိုင်ကြောင်း အရိပ်အမြွက် ဆိုသွားခဲ့ပါတယ်။