ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းဟာ ယနေ့ည ၁၁နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမယ့် မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ကြောင်း မန််စီးတီးအသင်းရဲ့ နည်းပြ ဖြစ်သူ ဂွာဒီယိုလာက အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ဒီဘရိုင်းဟာ မန်စီးတီး အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးဖြစ်တာကြောင့် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်း တစ်ခုမှာ ဒီဘရိုင်းလို ကစားသမားမျိုး မပါဝင်နိုင်တာဟာ မန််စီးတီးအသင်းကို အတော်အတန် အားလျော့ သွားစေမှာ သေချာပါတယ်။

Photo Credit: Football London

ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းက အင်္ဂလန််အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာတစ်ခု ရရှိခဲ့တာဖြစ်ပြီး အဆိုပါ ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်း ကနေ နုတ်ထွက်ကာ မန်စီးတီး အသင်းဆီ ပြန်လာကာ ဆေးကုသမှုတွေ ခံယူခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြန်လည် သက်သာလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒီဘရိုင်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက အာဆင်နယ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောကြား သွားခဲ့ကာ ဒီဘရိုင်းဟာ ရာသီကုန်ချိန်မှာ အားလပ်ရက် အနည်းငယ်သာ ရခဲ့တာကြောင့် အခုလို ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ပါတယ်။

Photo Credit: Football London

ဒီဘရိုင်းတစ်ယောက် ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တချို့အား လွဲချော်မယ့် အကြောင်းကို ဂွာဒီယိုလာက “ကယ်ဗင်(ဒီဘရိုင်း)က ရာသီကြို လေ့ကျင့်ခန်းတွေ မပြုလုပ်ခဲ့ပါဘူး။ ပြီးတော့ ရာသီကုန်မှာ အားလပ်ရက် ရှစ်ရက်သာ ရရှိခဲ့သလို အဲ့ဒီ အားလပ်ရက်မှာလည်း ကလေး မွေးဖွားနေတာကြောင့် အနားမယူခဲ့ရပါဘူး။ သူက အမြဲတမ်း အကောင်းဆုံး ပုံစံနဲ့ ကစားပြတတ်သူ ဖြစ်ပေမယ့် အဆုံးသတ်မှာတော့ သူက သူ့ရဲ့ ခံနိုင်ရည်တွေ ဆုံးရှုံးခဲ့ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာက ဆိုးဝါးတဲ့ ဒဏ်ရာ တစ်ခုတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ သတင်းတွေ အရတော့ ဒီဘရိုင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို သာမက ပေါ်တိုအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၊ နောက်တစ်ပတ်မှာ ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်တွေကိုပါ လွဲချော်မယ် လို့ သိရပါတယ်။