မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ကြားရက်တုန်းက ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ (၃)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ပြောင်းလဲကစားရတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးတစ်ခုကနေ ထွက်ခွာလာခဲ့ရတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲအတွင်းမှာ သူတို့ရဲ့ပေါက်ကွဲအားကို ပြသလာနိုင်တာကြောင့် ဒါကို အသင်းသားတွေဘက်ကနေ သတိထားရမယ့်လို့ မန်စီးတီးကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းက သတိပေးလိုက်ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သရေတစ်မှတ် ရယူရုံနဲ့တင် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစောစီးစီးပဲ လှည့်ပြန်သွားခဲ့ရပါတယ်။ ဒီလို ချန်ပီယံလိဂ်ကနေ ထွက်ခွာလာရခြင်းကြောင့် မန်ချက်စတာဒါဘီပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းဘက်ကနေ ပေါက်ကွဲလာနိုင်ဖွယ်ရှိလို့ သတိထားဖို့လိုအပ်တယ်လို့ ဒီဘရိုင်းကနေ ပြောဆိုလာခဲ့ပါတယ်။ ဒီဘရိုင်းက “ကျွန်တော်တို့တွေ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ပတ်အတွင်းမှာပဲ အရာအားလုံးက ဖြစ်ပျက်ခဲ့သွားလို့ပါ”

Photo Credit : The Bangkok Post

“သူတို့အသင်းအတွက်ကလည်း ဒီမန်ချက်စတာဒါဘီက ကြားရက်က ရှုံးပွဲကို ပြောင်းလဲပစ်နိုင်ဖို့အတွက် အကောင်းဆုံးပွဲ ဖြစ်နေလိမ့်မယ်။ သူတို့ဘက်ကနေ လိုက်ပ်ဇစ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ မတူကွဲပြားတဲ့ ပုံစံတွေကို ထုတ်ဖော်ပြသချင်နေလိမ့်မယ်။ ဒါကို ကျွန်တော်တို့အသင်းဘက်ကနေ သတိထားရလိမ့်မယ်။ နောက်ဆုံးမှာတော့ နှစ်သင်းလုံးက တူညီနေပါလိမ့်မယ်။ နှစ်သင်းလုံးက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကနေ ရရှိလို့ထားခဲ့တဲ့ အရှိန်တစ်ခုကို ဆက်ထိန်းထားချင်ကြလိမ့်မယ်။ ဒီလိုလုပ်ဆောင်ဖို့က နှစ်သင်းလုံးအတွက် အရေးကြီးဆုံးပါပဲ။ သူတို့က ဒီရာသီမှာ ကစားသမားသစ်တွေ ခေါ်ဆောင်ထားခဲ့လို့ သူတို့ရဲ့တိုက်စစ်လမ်းကြောင်းတွေက ပိုအားကောင်းလာနိုင်တယ်။ ဒါပေမယ့် ဒါတွေက ပွဲကစားမှပဲ သိရမှာပါ။ ပွဲကစားပြီး (၅)မိနစ်လောက်ကြာမြင့်ပြီဆိုတာနဲ့ ပွဲအတွင်းမှာ ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာကို သင်နားလည်လာလိမ့်မယ်။ သူတို့က ပြီးခဲ့တဲ့ရာသီတွေမှာ ခံစစ်ပိုင်းကို ကောင်းကောင်းတည်ဆောက်ပြီး ကောင်တာတိုက်စစ်နဲ့ အကောင်းဆုံးကစားခဲ့တယ်။ ကျွန်တော်တို့ရဲ့အိမ်ကွင်းမှာ ရှံးနိမ့်ခဲ့ရတဲ့ပွဲကို မှတ်မိသေးတယ်။ အဲ့ဒီပွဲတုန်းက ကျွန်တော်တို့တွေ အမှားတွေ ကျူးလွန်ခဲ့လို့ အရှုံးကနေ ပြန်လာဖို့ခက်ခဲခဲ့ရတတယ်။ ဒါကြောင့် အခုတစ်ကြိမ် တွေ့ဆုံမှုမှာတော့ ကျွန်တော်တို့တွေ အကောင်းဆုံးကြိုးစားပြီး အမှားကင်းအောင် ကစားရလိမ့်မယ်” လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။