မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမား ဒီဘရှိုင်းကတော့ လက်ရှိရာသီကုန်မှာ အသင်းက ထွက်သွားတော့မယ့် အသင်းဖော် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားကို နှုတ်ဆက် လက်ဆောင် အဖြစ် ချန်ပီယံလိဂ် ဆုဖလားကို ရယူပေးချင်တယ်လို့ MEN သတင်းမှာ ပြောကြားသွားပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ရီးရဲလ် နောက်ခံလူ ရာမို့စ်ကလည်း အနီကဒ် ထိထားတာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုများနေပြီ ဖြစ်ပါတယ်။

Photo Credit: Allfootball

ကွင်းလယ်လူ ဒီဘရှိုင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ နော်ဝစ်ချ်အသင်းကို (၅-ဝ) နဲ့ အနိုင်ရခဲ့စဉ်က သွင်းဂိုးရော ဂိုးဖန်တီးမှုရော ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး အသင်းဖော် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားနဲ့ အတူ မန်စီးတီးအသင်းမှာ ကာလရှည် (၅) နှစ်ကြာ တွဲကစားခဲ့ပါတယ်။ ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားဟာ လက်ရှိရာသီကုန်မှာ မန်စီးတီးအသင်းက ထွက်သွားတော့မှာ ဖြစ်တာကြောင့် မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းက အသင်းကနေ ထွက်သွားတော့မယ့် အသင်းဖော် ဆေးလ်ဗားအတွက် ချန်ပီယံလိဂ် ဆုဖလား ရယူချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Allfootball

MEN မှာ ဒီဘရှိုင်းက “ကျွန်တော်အတွက်ကတော့ သူက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားခဲ့သမျှ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဘယ်သူက အကောင်းဆုံးလဲ ဆိုတာကို အမြဲတမ်း ငြင်းလို့ ရပါတယ်။ ဒါပေမယ့် သူနဲ့ တွဲကစားတဲ့ အချိန်မှာ ကွင်းထဲမှာရော ကွင်းပြင်မှာရော သူ့ကို ကျေးဇူးတင်မိပါလိမ့်မယ်။ ကျွန်တော် သူနဲ့ (၅) နှစ်ကြာ တွဲကစားခဲ့ပြီး အတော်ကြာပါတယ်။ ကျွန်တေ်ာတို့ ဆုဖလားတွေ အများကြီး အတူ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ချီးကျူးခဲ့ကြတယ်။ သူက အဲဒီလို သဘောကောင်းတဲ့ သူပါ။ သူ့ကို သတိရတော့မှာပါ။ တကယ်လို့ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလား ရရှိနိုင်မယ် ဆိုရင် သိပ် ကောင်းမှာပါပဲ။ ဒါမှ သူ့အတွက် ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားသွားပါတယ်။