ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ဗိုလ်ချုပ် ကယ်ဗင် ဒီဘရိုင်းက ဆော်ဒီထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ ဆက်သွယ်မှုတွေကို ရရှိနေပေမယ့် မန်ချက်စတာ စီးတီးမှာသာ ဆက်နေဖို့ ဆုံးဖြတ်ထားကာ မကြာခင်မှာပဲ စီးတီးနဲ့ စာချုပ်သစ် ထပ်ချုပ်တော့မယ်လို့ စီးတီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘယ်လ်ဂျီယံ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးကို ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလား စတဲ့ ဆုဖလားတွေ သိမ်းပိုက်နိုင်အောင် အဓိက ကူညီပေးခဲ့သူပါ။

Photo Credit: Euro Sports

ကယ်ဗင် ဒီဘရိုင်းက ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တချို့ကြောင့် စီးတီးရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ထားပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် ဝင်ကစားတဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ဒီဘရိုင်းက စီးတီးအတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

ဒီဘရိုင်းရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ ပုံရိပ်တွေကြောင့်ပဲ ဆော်ဒီထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ အယ် နက်ဆာ ၊ အယ် အတ်တီဟတ် ၊ အယ် ဟီလယ် စတဲ့ ကလပ်တွေက ဒီဘရိုင်းကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေရဲ့ တာဝန်ရှိသူ တချို့က ဒီဘရိုင်းရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေလည်း လုပ်ထားကြပါတယ်။

Photo Credit: Standard

ကယ်ဗင် ဒီဘရိုင်းက မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ဖြစ်ပေမယ့် သူနဲ့ မန်ချက်စတာ စီးတီး ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လမှာ သက်တမ်း ကုန်ဆုံးဖို့ ရှိနေပြီး စီးတီးရဲ့ တာဝန်ရှိသူတွေကတော့ ကယ်ဗင် ဒီဘရိုင်းကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။

မန်ချက်စတာ စီးတီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် Sam Leeရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ်တွေက ဒီဘရိုင်းထံ ချဉ်းကပ်မှုတွေ လုပ်ခဲ့ပေမယ့် ဒီဘရိုင်းနဲ့ သူ့ရဲ့ မိသားစုက ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ ဒီဘရိုင်းဟာ မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုကာ စီးတီးမှာပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ချင်နေကြောင်း သိရှိရပါတယ်။