ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းကတော့ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုနဲ့အတူ တွဲဖက် ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခြင်းကို ခံထားရရုံသာမက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ်ပါ ညွှန်းဆိုခြင်းကို ခံထားရသူ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၃၆နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကလည်း ဘောလုံးကစားသမား တဦး အတွက် နေဝင်ချိန်လို့ ညွှန်းဆိုထားတဲ့ အသက် ၃၅နှစ် အရွယ်ကို ကျော်လွန်လာသည့်တိုင် လက်ရှိအချိန် အထိ သူ့ရဲ့ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ပြီး ယခု ကျင်းပနေတဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာတော့ ရိုနယ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ ဒီဘရိုင်းရဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားခဲ့ရပြီး ဒီဘရိုင်းရဲ့ ဘယ်လ်ဂျီယံအသင်းဟာ တောင်ပံ ကစားသမား သော်ဂန် ဟာဇက်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ပေါ်တူဂီအသင်းကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ ရိုနယ်ဒို ပါဝင်တဲ့ ပေါ်တူဂီအသင်းကို အနိုင်ရခဲ့ပေမယ့် ဒီဘရိုင်းဟာ ရိုနယ်ဒိုရဲ့ ခြေစွမ်းပိုင်းကို အားကျနေဆဲ ဖြစ်ပြီး အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဒီဘရိုင်းက သူသာ ရိုနယ်ဒိုနဲ့ တွဲဖက် ကစားရရင် သူ့ရဲ့ ဂိုးဖန်တီးမှုတွေက လက်ရှိထက် အများကြီး ပိုများလာလိမ့်မယ်လို့ ဆိုသွားပါတယ်။

ထို့အပြင် ဒီဘရိုင်းက သူဟာ ရိုနယ်ဒိုနဲ့အတူ တွဲဖက် ကစားချင်ကြောင်းလည်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းက – “ကျွန်တော်က ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ တွဲဖက် ကစားချင်ပါတယ်။ တကယ်လို့ သူနဲ့သာ ကစားရမယ် ဆိုရင် ကျွန်တော့်ရဲ့ ဂိုးဖန်တီးမှုတွေက အများကြီး ပိုများသွားပါလိမ့်မယ်” ဆိုပြီး ပြောကြားခဲ့တာပါ။