မန်ချက်စတာစီးတီး အသင်းရဲ့ အဓိက ကွင်းလယ် ဖန်တီးရှင် တစ်ဦးဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်းကို တနင်္ဂနွေနေ့ က ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်ပွဲအပြီးမှာ သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အခါမှာတော့ ဒီဘရိုင်းက ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီးမှာ ဆက်ရှိချင်ကြောင်းနဲ့ သူ့ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ကယ်ဗင် ဒီဘရိုင်းရဲ့ အနာဂါတ် အစီစဉ်ဟာ ယနေ့ ဘောလုံး ပရိသတ်တွေကြားမှာ လူပြောအများဆုံး ကိစ္စတစ်ရပ် ဖြစ်နေကာ မန်စီးတီးကလည်း ဒီဘရိုင်းလို ကမ္ဘာ့အဆင့်မီ ကစားသမားမျိုးကို နောက်ထပ် ၅ နှစ်အထိ သက်တမ်းတိုး ချင်နေတာ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ၂၀၁၅ ခုနှစ်က ဝုဖ်စ်ဘက်ဂ်ျ အသင်းကနေ မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီး ကို ရောက်ရှိလာပြီး နောက် သူ့ရဲ့ ခြေစွမ်းပိုင်းမှာ တိုးတက်လာခဲ့သလို နာမည်ကြီး ကစားသမား တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ အရင်ရာသီတုန်းကလည်း ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာအကောင်းဆုံး အမျိုးသားဘောလုံးသမား စာရင်းမှာလည်း အဆင့် ၂ နေရာအထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တာကြောင့် အသင်း တာဝန်ရှိသူတွေ အနေနဲ့ ဒီဘရိုင်းကို ၂၀၂၃ အထိ စာချုပ် ချုပ်ဆိုထားတာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘယ်လ်ဂျီယံ အသင်းဟာ အင်္ဂလန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်အပြီးမှာတော့ ဒီဘရိုင်းကို သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အခါမှာတော့ အခုလို ဖြေဆိုခဲ့ပါတယ်။ “ အသင်းပိုင်ရှင်ကောင်းတွေ ရှိတဲ့ အသင်းကောင်းမှာ ကျွန်တော် ရှိနေပါတယ်။ ကျွန်တော်တို့ကြား အကြီးကျယ် ဆွေးနွေးပြီးပါပြီ။ တိုးတက်မှုတော့ မရှိသေးပါဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော်ကလည်း ကျွန်တော် လုပ်စရာရှိတာကို လုပ်နေပါတယ်။ ကျွန်တော် အသင်းမှာ ဆက်ရှိနေချင်သေးတယ်။ ဒါကြောင့်မို့ အဲ့ဒါက လွယ်ကူပါလိမ့်မယ်။ အကယ်၍ ကျွန်တော်သာ မနေချင်တော့ဘူးဆိုရင် တစ်ယောက်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့လိုပါမယ်။ ဒါပေမယ့် ခင်ဗျား အနေနဲ့ ဆက်နေချင်သေးတယ်ဆိုရင် အဲ့ဒါက တအား မခက်ခဲတော့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit: Metro

ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ငါးနှစ်ကနေ အခုချိန်ထိ မန်စီးတီးမှာ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ ကာရာဘောင်ဖလား လေးကြိမ်၊ အက်ဖ်အေ ဖလား တစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်း တစ်ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း ၁၆၁ ပွဲကစားထားကာ ၁၁၀ ပွဲအထိ အနိုင်ရရှိပြီး ၂၃ ပွဲသာ ရှုံးပွဲကြုံတွေ့ထားရတာ ဖြစ်ပါတယ်။ စီးတီး အသင်းအတွက်လည်း ၃၇ ဂိုးသွင်းယူပေးထားကာ ၆၉ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ စီးတီး အတွက် ၁ ဂိုးသွင်းယူကာ ၃ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။