ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း ကတော့ သူတို့ဟာ မန်ချက်စတာ ဒါဘီမှာ အနိုင်ရဖို့ အတွက် ၁၀မိနစ်လောက်ပဲ လေ့ကျင့်ဖို့ လိုအပ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်ချက်စတာ စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သက်တောင့်သက်သာ ကစားပြီး ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Bein Sports

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပွဲစ ပွဲဆုံး ဖိအားပေး ကစားသွားခဲ့သလို ဂိုးသွင်းခွင့်လည်း အနည်းငယ်သာ ခွင့်ပြုခဲ့ရကာ အသင်းနှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကွာဟမှု ကြီးမားနေကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားဖို့ အတွက် ဘယ်လ်ဂျီယံအသင်းနဲ့ လာရောက် ပူးပေါင်းနေတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းက သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူဖို့ ၁၀မိနစ်လောက်သာ ပြင်ဆင်ခဲ့ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဘယ်လို အနိုင်ကစားမလဲ ဆိုတာကို ကစားနေရင်းနဲ့မှ စဉ်းစားခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bein Sports

ဒီဘရိုင်းက – “ပုံမှန်အားဖြင့် ဆိုရင် ပွဲတပွဲ မကစားခင် တရက်အလိုမှာ ကျွန်တော်တို့က ပြိုင်ဘက်အသင်းရဲ့ ကစားပုံကို ကြည့်ပြီး ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ဒါပေမယ့် မန်ချက်စတာဒါဘီ မကစားခင် တရက်အလိုမှာ ကျွန်တော်တို့တွေ ပြင်ဆင်မှုတွေ မလုပ်ခဲ့ရပါဘူး။ ဂွာဒီယိုလာက – ‘သူတို့ ဘယ်လိုပုံစံနဲ့ ကစားမလဲ ဆိုတာ ငါတို့ မသိဘူး။ ဒီတော့ ပွဲရောက်တော့မှပဲ ကြည့်ရအောင်’ လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ၁၀မိနစ်လောက် လေ့ကျင့်ပြီးတာနဲ့ နားလိုက်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ ပပ်က ပြိုင်ဘက်အသင်းတွေ ဘယ်လိုကစားမလဲ ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘယ်လို ကစားလာနိုင်လဲ ဆိုတာ သူ မသိခဲ့ဘူး။ ဒီတော့ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာလည်း တွေးလို့ မရတဲ့ ပုံစံပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။