MySport Myanmar

နာပိုလီမှာ ကစားသမားဘဝ စာမျက်နှာသစ် ဖွင့်ဖို့ အသင့်ဖြစ်နေပြီလို့ ဒီဘရိုင်း ဆို

မန်စီးတီးရဲ့ ဂန္တဝင်ကစားသမား ကီဗင် ဒီဘရိုင်းဟာ နာပိုလီအသင်းမှာ ကစားသမားဘဝ အသစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့လက နာပိုလီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ပရီးမီးယားလိဂ်မှာ အချိန်အကြာကြီး ကစားခဲ့ပြီးပါပြီ။ အင်္ဂလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်တာတွေ အကုန်လုပ်ခဲ့ပြီးပါပြီ။ တစ်သက်လုံး မန်စီးတီးကစားသမားတစ်ယောက်အဖြစ် ရှိနေမှာပါ။ ဒီလိုအဆုံးသတ်ခဲ့ရတဲ့အတွက် စိန်ခေါ်မှုအသစ်တစ်ခု ရှာဖွေဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။”

Photo Credit : Flsehscore

“ကျွန်တော့်ရှေ့မှာ ဒီ ပရောဂျက်တစ်ခုလုံးကို ချပြခဲ့တဲ့အခါ အီတလီမှာ ကစားခွင့်ရပြီး အဆင့်မြင့်အဆင့်မှာ ဆက်ကစားနိုင်ဦးမယ်ဆိုတဲ့အချက်က ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါပဲ။” လို့ ဒီဘရိုင်းက စနေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အသက်(၃၄)နှစ်ပြည့်ခဲ့တဲ့ ဒီဘရိုင်းက အီတလီမှာ လေ့လာစရာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းဖော်ဖြစ်ပြီး ဘာသာစကားမျိုးစုံကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ ရိုမီလူ လူကာကူ သူ့ဘေးမှာရှိနေတာကြောင့် နည်းပြ အန်တိုနီယိုကွန်တီရဲ့ အသင်းနဲ့ အသားကျဖို့အတွက် အခက်အခဲတွေ သိပ်ရှိမှာမဟုတ်ပါဘူး။

“နာပိုလီက ချန်ပီယံဖြစ်ပြီးသား အသင်းတစ်သင်းပါ။ ဒါပေမယ့် သူတို့ရဲ့ ကစားသမားစာရင်းကို ဆက်လက်တိုးတက်အောင် လုပ်နေတုန်းပါပဲ။ ကျွန်တော်က အသင်းကို ကြီးထွားလာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ သူတို့ဆီကနေ ကစားပုံအသစ်၊ ပြိုင်ပွဲအသစ်တွေအကြောင်း လေ့လာသင်ယူသွားမှာပါ။”

Photo Credit : Tribal Football

“ရိုမီလူက ဒီအပြောင်းအရွှေ့အတွက် ပျော်နေခဲ့တယ်။ ကျွန်တော်တို့ လက်ရွေးစင်အသင်းမှာ ဆုံတုန်းက စကားပြောဖြစ်ကြတယ်။ သူက ကျွန်တော့်ကို လာစေချင်ခဲ့တာပါ။ ကျွန်တော်နဲ့ ရိုမီလူက အသက် (၁၃)နှစ်အရွယ်ကတည်းက သိခဲ့တာဆိုတော့ အရမ်းကို ရင်းနှီးကြပါတယ်။ ချယ်လ်ဆီးမှာ ကစားတုန်းကဆိုရင် နှစ်လ သုံးလလောက် အတူတူနေခဲ့ကြတာပါ။”

“သူ့ကို သိနေတာက ကျွန်တော့်အတွက် နည်းနည်းပိုလွယ်ကူစေပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတွက် ဘာသာပြန်ပေးနိုင်တယ်။ ပြီးတော့ သူက နည်းပြကိုလည်းသိတယ် အသင်းကိုလည်း သိတယ်ဆိုတော့ အထောက်အကူဖြစ်ပါတယ်။” လို့ ဒီဘရိုင်းက ပြောပါတယ်။ နာပိုလီအသင်းဟာ ၂၀၂၅/၂၆ စီးရီးအေ ရာသီသစ်ကို ဩဂုတ်လ ၁၃ ရက်နေ့မှာ ဆက်ဆူအိုလိုအသင်းကို အဝေးကွင်း သွားရောက်ကစားခြင်းဖြင့် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

Exit mobile version