ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ကယ်ဗင် ဒီဘရိုင်းကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ ၁-၀ ကနေဒါ ပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းဟာ အရမ်းကြီး မကောင်းခဲ့ပေမယ့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့လို့ အံ့ဩမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ကနေဒါ ၊ ခရိုအေးရှား ၊ မော်ရိုကို စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ရာ အုပ်စုအဖွင့်ပွဲ အဖြစ် ကနေဒါနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး တိုက်စစ်မှူး ဘတ်ရှူအာရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ပွဲစဉ်(၁) အပြီးမှာပဲ အုပ်စုကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။

Photo Credit: CNN

 

ဘယ်လ်ဂျီယံ ၁-၀ ကနေဒါ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ ကနေဒါကတောင် ဂိုးသွင်းခွင့်တွေ ပိုမို ရရှိခဲ့ပြီး နံပါတ်တစ် ဂိုးသမား ကော်တွိုက်စ်ရဲ့ ကမ္ဘာ့အဆင့် လက်စွမ်းကြောင့်သာ ဘယ်လ်ဂျီယံဟာ ကနေဒါကို အနိုင်ယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ ပင်နယ်တီ အပါအဝင် ကနေဒါရဲ့ တိုက်စစ်ဆင်မှုတွေကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့တဲ့ ကော်တွိုက်စ် အစား ဘယ်လ်ဂျီယံရဲ့ ကြယ်ပွင့် ကစားသမား ကယ်ဗင် ဒီဘရိုင်းက ရရှိသွားခဲ့ပါတယ်။

Photo Credit: CNN

ဒါကြောင့်ပဲ ဒီဘရိုင်းက သူဟာ ခြေစွမ်းမကောင်းခဲ့ပေမယ့် ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို ရသွားခဲ့လို့ အံ့ဩမိကြောင်းနဲ့ အခုလိုမျိုး သူက အကောင်းဆုံး ကစားသမားဆုကို ရခဲ့တာဟာ နာမည်ကြီးလို့ ဖြစ်နိုင်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ဒီဘရိုင်းက – “ကျွန်တော်က ပွဲကောင်း တပွဲကို ကစားနိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်က အကောင်းဆုံး ကစားသမားဆုကို ဘာကြောင့် ရခဲ့တာလဲ ဆိုတာ နားမလည်နိုင်ပါဘူး။ ကျွန်တော်က နာမည်ကြီး ကစားသမားမို့လို့ ဒီဆုကို ရခဲ့တယ် ထင်ပါရဲ့ဗျာ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။