မန်ချက်စတာ စီးတီးအသင်းရဲ့ ကြယ်ပွင့်ကြီး ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းဟာ စနေနေ့က ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့ စိတ်အားထက်သန်တဲ့ ခြေစွမ်းရဲ့ နောက်ကွယ်က အဓိက စေ့ဆော်မှုကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ပဲလေ့စ်အသင်းဟာ အက်ဇီးနဲ့ ရစ်ချက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲရဲ့ ပထမပိုင်း (၂၁)မိနစ်အတွင်းမှာပဲ စောစောစီးစီး (၂)ဂိုးအထိ ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဒီဘရိုင်းက အလွတ်ကန်ဘောကနေ စီးတီးအတွက် တစ်ဂိုး ပြန်သွင်းပေးခဲ့ပြီး မာမွတ်ရှ်ကလည်း ဒုတိယ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စစချင်း ဒီဘရိုင်းက ကိုဗာချစ်ရဲ့ သွင်းဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့သလို မက်ကာသီနဲ့ အိုရွိုင်းလီတို့ကလည်း ဂိုးတွေ ဆက်လက် သွင်းယူရင်း (၅)ဂိုး (၂)ဂိုးနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။
Photo Credit : Goal
၂၀၂၄-၂၅ ရာသီအကုန်မှာ စီးတီးကနေ ထွက်ခွာဖို့ သေချာနေတဲ့ ဒီဘရိုင်းက ပွဲအပြီးမှာ သူ့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ Top 5 စာရင်းဝင်ပြီး လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိတာကို မြင်ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စနေနေ့ပွဲမှာ (၃)မှတ်ရရှိခဲ့တာကြောင့် မန်စီးတီးဟာ ချယ်လ်ဆီးကို ကျော်တက်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ အသက် ၃၃ နှစ်အရွယ် ကစားသမားက “ဒီအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကျွန်တော် ထွက်သွားချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက သူတို့နဲ့ ထိုက်တန်လို့ပါ။ ကျွန်တော်ဒီမှာ နှစ်ပေါင်း (၉)နှစ် (၁၀)နှစ်လောက်ရှိခဲ့တဲ့ ကာလတစ်လျှောက် ချန်ပီယံလိဂ်မှာ ကစားခဲ့ရတယ်။ ဒါကြောင့် နောက်နှစ်မှာ ဒီအသင်းအတွက် ဒါကို လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ပြီးတော့ ကျွန်တော်ကတော့ အမြဲလုပ်ခဲ့သလို ဘောလုံးကို ကောင်းကောင်းကစားဖို့ပဲ ကြိုးစားမှာပါ။” လို့ ပြောခဲ့ပါတယ်။
Photo Credit : Coast Reporter
ဒီဘရိုင်းက ဆက်လက်ပြီး “ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်ခဲ့တယ်။ အခွင့်အရေး အနည်းငယ်ရခဲ့ပြီး ဘာမှမဖြစ်လာဘဲနဲ့ (0-2) နဲ့ နောက်ကျနေခဲ့တယ်။ သုံးဂိုးအထိတောင် ဖြစ်သွားနိုင်ခဲ့သေးတယ်။ တုံ့ပြန်မှုက ကောင်းခဲ့တယ်။ ကျွန်တော်ထင်တာက ယေဘုယျအားဖြင့် ကျွန်တော်တို့ တော်တော်ကောင်းတဲ့ ပွဲကစားခဲ့ပေမယ့်၊အခွင့်အရေးတွေကို ပေးလိုက်မိပြီး သူတို့က အဲဒါကို အသုံးချခဲ့တယ်။”
“တုံ့ပြန်မှုက အရမ်းကောင်းခဲ့ပြီးတော့ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ထင်တယ်။ တတ်နိုင်သမျှ အမြန်ဆုံး ဂိုးသွင်းနိုင်ဖို့နဲ့ ပွဲရဲ့ ခံစားချက်ကို နည်းနည်းပြောင်းလဲဖို့ အရေးကြီးတယ်လို့ ထင်တယ်။ ကျွန်တော်တို့ အဲဒီလောက် ဆိုးဆိုးရွားရွား ကစားနေတယ်လို့ မထင်ပေမယ့် ရလဒ်ကတော့ လုံးဝမကောင်းပါဘူး။ ကျွန်တော်တို့ အဲဒီကနေ စခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။