မနေ့ညက ဘိုင်ယန်မြူးနစ်အသင်းရဲ့ အလိုင်းရန့်အရီနာကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နည်းပြရောဘတ်တိုမန်စီနီရဲ့ အီတလီအသင်းက ကမ္ဘာ့အဆင့်(၁)နေရာကို ရောက်ရှိလို့နေတဲ့ ဘယ်ဂျီယံအသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းသွားခဲ့ကာ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Photo Credit : beIN SPORTS

အီတလီနဲ့ တွေ့ဆုံခဲ့ရတဲ့ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘယ်ဂျီယံအသင်းဘက်က ဒဏ်ရာပြသာနာကြောင့် အီဒင်ဟာဇက် လွဲချော်ခဲ့ရပေမယ့်လည်း ပေါ်တူဂီနဲ့ပွဲမှာ ဒဏ်ရာရထားခဲ့တဲ့ အသင်းရဲ့ နောက်ထပ် အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းနားကတော့ ဝင်ရောက်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားဟာ ခြေချင်းဝတ်ဒဏ်ရာကို ခံစားနေရင်းနဲ့ ပွဲကို ဝင်ရောက်ကစားခဲ့ရတာဖြစ်ပြီး သူရဲ့ဒဏ်ရာကို နာကျင်မှု လျော့နည်းအောင် လုပ်ဆောင်ပေးခဲ့တဲ့ ဘယ်ဂျီယံဆေးအဖွဲ့ဝင်တွေအပေါ်လည်း ကျေးဇူးတင်မိကြောင်းနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့လိုက်ရတာကိုတော့ အလွန်စိတ်မကောင်းမိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Then24

ဒီဘရိုင်းနားက “ကျွန်တော်တစ်ယောက်တည်းအတွက် ပြောရဆိုရင်တော့ ဒီရက်သတ္တပတ် (၄)(၅)ပတ်လောက်က ထူးခြားလွန်းတဲ့ အချိန်ကာလတွေပါပဲ။ ဒါပေမယ့် ဆေးအဖွဲ့ဝင်တွေအားလုံးကိုတော့ ကျွန်တော်ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီနေ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့တာက တကယ့်ကို အံသြဖွယ်ဖြစ်ရပ် တစ်ခုလို့ပါပဲ။ သူတို့ရဲ့ ကုသမှုတွေကြောင့် မဟုတ်ခဲ့ရင် ကျွန်တော့်ရဲ့ ခြေချင်းဝတ်က အတော်လေးကို ဆိုးရွှားသွားနိုင်တာမို့ပါ။ ကျွန်တော့်ဘက်ကလည်း ကျွန်တော်ရဲ့ နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးဖို့ကို တာဝန်ယူရှိတယ်လို့ ခံစားရလို့ မဖြစ်ဖြစ်အောင် ပါဝင်ခဲ့တယ်။ ဒါပေမယ့် ဒီထက်မက ပိုမစွမ်းဆောင်နိုင်ခဲ့တာကတော့ အရမ်းဆိုးရွှားလှပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရအောင် အစွမ်းကုန် ကြိုးစားခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကလည်း အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပေမယ့် သူတို့ရဲ့ ပထမဆုံးဂိုးကတော့ ကျွန်တော်တို့ရဲ့အမှားကြောင့် ခွင့်ပြုလိုက်ရတာပါ။ သူတို့က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားတယ်။ ကျွန်တော်တို့ဘက်က ဘောလုံးကို မကိုင်ထားနိုင်ခဲ့ဘူး။ အခုလို ပြိုင်ပွဲကနေ ထွက်ခွာခဲ့လိုက်ရတာကတော့ အတော်လေးကို စိတ်ပျက်စရာကောင်းပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။