မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ဒီဘရိုင်းနားက ဒီနှစ်နွေဈေးကွက်ထဲမှာ အသင်းကို နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်း ရောက်ရှိလာခဲ့စဉ်တုန်းက လူတွေက ဟာလန်းဟာ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ တုံ့ပြန် ပြောကြားလိုက်ပါတယ်။

Photo Credit : Manchester Evening News

ရက်ဘူးဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်အသင်းတွေမှာ ဂိုးတွေများစွာ သွင်းယူပြီး ခြေစွမ်းပြသခဲ့တဲ့ ဟာလန်းက ဒီနွေမှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ကာ သူရဲ့ စီးတီးကစားသမားဘဝ ပထမဆုံး တရားဝင်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်အတွင်း တကယ့် big chance ကြီး တစ်ခု လွဲချော်ခဲ့ရာကနေ ဟာလန်းက စီးတီးမှာ အံ့မဝင်နိုင်ဘူး ၊ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်မယ်ဆိုတဲ့ သုံးသပ်မှုတွေက ကျယ်ကျယ်လောင်လောင်နဲ့ကို ထွက်ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ကွန်မြူနတီဒိုင်းပွဲကနေ (၁၂)ပွဲအပြီးမှာတော့ ဟာလန်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးက (၂၀)ထိ ရှိလာခဲ့ရသလို သူ့အပေါ် ကြိုတင်သုံးသပ်မှုထားတွေကိုလည်း မှားယွင်းကြောင်း အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit : The Indian Express

ဒီလို သုံးသပ်ပြောဆိုမှုတွေအပေါ် ဟာလန်းအသင်းဖော် ဒီဘရိုင်းနားက “လူတွေက ဘာကြောင့် ဒီမှာ ဂိုးတွေ သွင်းယူနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ပြောနေကြသလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ ကျွန်တော်တို့က တကယ့်ကို အကောင်းစား အသင်းတစ်သင်းကို ပိုင်ဆိုင်ထားတာလို့ ကျွန်တော် ထင်တယ်လေ။ ကျွန်တော်တို့မှာ ရှိနေတဲ့ တိုက်စစ်ကစားသမားတွေအတွက်ကိုလည်း ကျွန်တော်တို့က အခွင့်အရေးတွေ များစွာ ဖန်တီးပေးတယ်။ အခု သူကလည်း ဒီမှာ ရှိနေတာပဲ။ သူ ဂိုးတွေ သွင်းလိမ့်မယ်လေ။ သူ ဒီကို ရောက်လာဖို့ ဆုံးဖြတ်ခဲ့တာ အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့လည်း ထင်ပါတယ်။ သူက ဒီကို မရောက်လာခင်ကတည်းက သူ ဘယ်လို တိုက်စစ်မှူးလဲဆိုတာကို ပြသပြီးသားပါ။ ဒီကို ရောက်လာချိန် ဖိအားတွေ အများကြီး ဝင်လာမယ်ဆိုတာ သိသာပေမယ့် သူ အဆင်ပြေတယ်။ စိတ်အေးအေးလေးထားပြီး သူရဲ့တာထွက်ကို ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တယ်။ ဂိုးတွေအများကြီးလည်း သွင်းလာတယ်။ ကျွန်တော်တို့ကိုလည်း ပွဲတွေတိုင်းမှာ နိုင်ပွဲရအောင်လည်း ကူညီပေးလာခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။