ပရီးမီးယားလိဂ်ကလပ် စပါးအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်းလည်းဖြစ် လက်ရှိ အချိန်မှာ နာမည်ကြီး ဘောလုံးသုံးသပ်သူလည်း ဖြစ်တဲ့ ဂျာမိန်းရက်နပ် ကတော့ ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူ မေဆန်မောင့်ဟာ မန်စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဒီဘရိုင်း လုပ်တဲ့ အရာတွေကို လိုက်လုပ်နိုင်စွမ်း ရှိသူ ဖြစ်ကြောင်း ချီးကျူး ပြောဆို သွားခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

တစ်ဖက်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ လူငယ် ကွင်းလယ်လူ မေဆန်မောင့်ဟာ အသက် ၂၁နှစ် အရွယ်သာ ရှိသေးပြီး အနာဂတ်မှာ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဖြစ်လာမယ့်သူ အဖြစ် ထင်ကြေးပေးခံခဲ့ ရပါတယ်။ ယမန်နေ့ညမှာတော့ မေဆန်မောင့်နဲ့ ဒီဘရိုင်းတို့ဟာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး မေဆန်မောင့်ဟာ အင်္ဂလန်အသင်း အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့သလို သူ့ရဲ့ သွင်းဂိုးကြောင့်ပဲ အင်္ဂလန်အသင်းဟာ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ် အပြီးမှာ ပြုလုပ်ခဲ့တဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာတော့ ရက်နပ်က သူဟာ မေဆန်မောင့်ဆီ ကနေ ဒီဘရိုင်းလိုမျိုး ပေးပို့မှုတွေ မြင်ခဲ့ရပြီး မေဆန်မောင့်ဟာ ဒီဘရိုင်းလို စွမ်းဆောင်ရည် မြင့်မားတဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း ချီးကျူး သွားခဲ့ပါတယ်။

Photo Credit: Daily Mail

မေဆန်မောင့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ရက်နပ်က ” ကျွန်တော်တို့ဟာ ဒီဘရိုင်းရဲ့ ပေးပို့မှုတချို့ကို မြင်တွေ့ခဲ့ရပြီး အတော်လေးကို ကျေနပ်ခဲ့ ရပါတယ်။ ပြီးတော့ သူက နေရာလွတ်တွေကိုလည်း ရှာဖွေပေးနိုင်သူ တစ်ဦးပါ။ မေဆန်အကြောင်းကို ပြောရမယ် ဆိုရင်တော့ ကျွန်တော်ကတော့ ဒီနေ့ညမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း သူ ကစားပြတာကို ထပ်ပြီး မြင်ချင်ပါတယ်။ သူ့ရဲ့ ပေးပို့မှုတွေဟာ ဒီဘရိုင်းလိုပဲ အတော်လေးကို ကောင်းမွန်ပါတယ်။ သူဟာ ကျွန်တော်တို့ အတွက် ဒီထက်ပိုပြီး စွမ်းဆောင် ပေးနိုင်တာကိုလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မမြင်ရသေးပါဘူး ” လို့ ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။