MySport Myanmar

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် အဖြစ် ဘရူနိုကို ရွေးခဲ့တဲ့ ဒီဘရိုင်း

ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ အက်ဖ်အေနဲ့ ဥရောပ စူပါဖလား စတဲ့ ဖလား ၄လုံး ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူလည်းဖြစ် ၊ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူလည်း ဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်းက လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ကို ရွေးချယ်သွားခဲ့ပါတယ်။

ကယ်ဗင် ဒီဘရိုင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ယခုအချိန်မှာ ဒီဘရိုင်းက တံကောက်ကြောဒဏ်ရာကြောင့် မြက်ခင်းစိမ်းတွေနဲ့ ခေတ္တ ဝေးကွာနေပေမယ့် ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်မယ့် အင်တာဗျူးတွေ ၊ အစီအစဉ်တွေမှာ ပါဝင်နေပါသေးတယ်။

Photo Credit: Sky Sports

မကြာသေးမီကမှ ရိုက်ကူးခဲ့တဲ့ တီဗွီအစီအစဉ် တခုမှာတော့ ကယ်ဗင် ဒီဘရိုင်းက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် ၃ဦးကို ရွေးချယ်ပေးခဲ့ရပြီး အဆိုပါ အစီအစဉ်မှာ ဒီဘရိုင်းက မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက် ၊ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ စပါးရဲ့ ဒုတိယ အသင်းခေါင်းဆောင် မက်ဒီဆန်တို့ကို အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် ၃ဦး အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဒီဘရိုင်းက ဖာနန်ဒက် ၊ အိုဒီဂတ်နဲ့ မက်ီဒဆန်တို့ သုံးဦးထဲမှာမှ နံပါတ်တစ် အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် အဖြစ် ဖာနန်ဒက်ကို ထပ်မံ ရွေးချယ်ခဲ့ပြီး အိုဒီဂတ်ကို နံပါတ်နှစ်နေရာ ပေးခဲ့ကာ မက်ဒီဆန်ကိုတော့ တတိယမြောက် အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

Photo Credit: EA Sports

ကယ်ဗင် ဒီဘရိုင်းက သူဟာ ဘရူနို ဖာနန်ဒက်ရဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်မှု ၊ အဝေးဘော ပေးပို့နိုင်စွမ်းနဲ့ အဝေးကန်ချက်တွေ ကနေ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်းတို့ကို သဘောကျတာကြောင့် သူ့ကို နံပါတ်တစ် ကွင်းလယ်ဖန်တီးရှင် အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဘရူနို ဖာနန်ဒက်လို အရည်အသွေး ပြည့်ဝတဲ့ ကွင်းလယ်ဖန်တီးရှင်မျိုး များများစားစား မရှိကြောင်း ထုတ်ဖော် ပြောဆိုကာ ဖာနန်ဒက်ကို ချီးကျူးသွားခဲ့ပါသေးတယ်။

ဒီဘရိုင်းက – “ကျွန်တော်က ဖာနန်ဒက်ကို အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် အဖြစ် ရွေးချယ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အခွင့်အရေးတွေ ဖန်တီးတဲ့ စက်တလုံး ဖြစ်နေလို့ပါ။ (တိုက်စစ်မှူးတွေကို ဂိုးသွင်းစက်လို့ ချီးကျူးသလို ခိုင်းနှိုင်းပြီး ချီးကျူးတာပါ) သူက စွန့်စားပြီးတော့ ဖန်တီးမှုတွေ လုပ်လေ့ ရှိပါတယ်။ ကျွန်တော်က သူ့ရဲ့ အဲ့ဒီစိတ်ဓာတ်ကို ကြိုက်တယ်။ သူက အရမ်းကောင်းတဲ့ ဖန်တီးမှုတွေ လုပ်နိုင်ပါတယ်။ ပြီးတော့ ကွင်းလယ်ဖန်တီးရှင် တယောက်မှာ ဖန်တီးနိုင်စွမ်း အပြင် ထပ်ရှိသင့်တဲ့ အရည်အသွေးတွေလည်း ရှိပါသေးတယ်။ တခါတလေကျရင် အဝေးမှာ ရှိနေတဲ့ အသင်းဖော်ဆီ ​ဘောလုံးပေးနိုင်ဖို့ လိုအပ်သလို မီတာ ၃၀လောက် အကွာကနေလည်း သွင်းဂိုးတွေ ကန်သွင်းနိုင်တဲ့ အရည်အချင်းမျိုးတွေ လိုပါမယ်။ ဘရူနိုက အဲ့ဒီအရည်အချင်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်” လို့ ဘရူနို ဖာနန်ဒက်ကို ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version