မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းကတော့ အင်္ဂါနေ့ညက ဒေါ့မွန် ကွင်းလယ်လူ ဝှစ်ဆယ်၊ အင်တာ တိုက်စစ်မှူး လူကာကူတို့နဲ့ အင်စတာဂရမ်မှာ တိုက်ရိုက် အမေးအဖြေ ပြုလုပ်ခဲ့ကြတဲ့ အခါမှာ ပရီးမီးယားလိဂ် ဖလား ရရှိခါနီးမှ ပြိုင်ပွဲ ရပ်နားခဲ့ရတယ်လို့ စနောက် ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားခင် ပွဲစဉ် (၂၉) ကစားပြီးတဲ့ အချိန်မှာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅) မှတ်အထိ ကွာဟခဲ့ပေမဲ့လည်း ကွင်းလယ်လူ ဒီဘရှိုင်းက လိဂ်ဖလား ရရှိခါနီးလို့ စနောက်သွားခဲ့ပါတယ်။

Photo Credit: Liverpoolecho

ဒီဘရှိုင်း၊ ဝှစ်ဆယ် နဲ့ လူကာကူတို့ဟာ တိုက်ရိုက် အမေးအဖြေ ပြုလုပ်ခဲ့ကြတဲ့ အချိန်မှာ ဒေါ့မွန် ကွင်းလယ်လူ ဝှစ်ဆယ်က ကိုရိုနာ ဗိုင်းရပ်ရောဂါကြောင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ မရပ်နားခင်မှာ ဘိုင်ယန်အသင်းကို (၄) မှတ် ဖြတ်ပြီး ဘွန်ဒက်စ်လီဂါ ဖလား ရရှိခါနီးပါလို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းဟာလည်း ဒေါ့မွန် ကွင်းလယ်လူ ဝှစ်ဆယ်လို ပြောသွားခဲ့ပြီး သူက မန်စီးတီးအသင်းလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားခင်မှာ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ တောက်လျှောက် ကြိုးစားလာခဲ့တာကြောင့် လိဂ်ဖလား ရရှိဖို့ နီးစပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Liverpoolecho

မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းက “ဇန်နဝါရီလကတည်းက ကျွန်တော်တို့အသင်း ကောင်းစွာ ကစားလာခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ဆုဖလား ရရှိဖို့ အခြေအနေကောင်းမှာ ရှိနေခဲ့ပြီး ကျွန်တော်တို့ ရပ်နားခဲ့ရပါတယ်။ အမှန်ပါပဲ။ ကျွန်တော်တို့ မန်စီးတီးအသင်းက ဆုဖလား ရရှိဖို့ တိုက်ပွဲဝင်နေခဲ့ပါတယ်။ ကျွန်တော်တို့ လိဂ်ဖလား ရခါနီးလေးပါပဲ။ နှစ်တိုင်း ဆုဖလား ရရှိဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကြိုးစားကြပါ။ အခုအချိန်က ရူးသွပ်ချင်စရာပါပဲ။ ဘာလို့လဲဆိုရင်တော့ ဘာဆက်ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ မသိနိုင်လို့ပါ။ လူတွေက ဘာတွေ ဆက်ဖြစ်လာမလဲလို့ ကျွန်တော်တို့ကို မေးကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့တွေအနေနဲ့ ဘာတစ်ခုမှတောင် မသိကြပါဘူး”လို့ အင်တာဂရမ် တိုက်ရိုက် အမေးအဖြေမှာ ပြောခဲ့ပါတယ်။