မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းသားတွေရဲ့ အသင်းခေါင်းဆောင်အဖြစ် မဲပေးရွေးချယ်မှုအတွင်းမှာ အသင်းသားတွေရဲ့ မဲပေးမှုကို သိပ်မရရှိခဲ့တာကြောင့် အသင်းရဲ့ စတုတ္ထ ဦးစားပေး အသင်းခေါင်းဆောင်အဖြစ် အဆင့်လျှော့ချခံလိုက်ရသလို သူရဲ့အသင်းဖော် ဂျာမနီ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကတော့ အသင်းရဲ့ လက်ထောက် အသင်းခေါင်းဆောင် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းရဲ့ လက်ထောက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသလို ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲမှာပါ အသင်းခေါင်းဆောင်အဖြစ်နဲ့ ပါဝင်ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ သူရဲ့တာဝန်ကို အသင်းဖော် ဂန်ဒိုဂန်က လွဲပြောင်းရယူနို်င်ခဲ့သလို ဒီဘရိုင်းနားကိုယ်တိုင်ကလည်း အသင်းရဲ့ စတုတ္ထ ဦးစားပေး အသင်းခေါင်းဆောင်အထိပါ ရာထူးလျှော့ခံချလိုက်ရပါတယ်။

Photo Credit : Uber Turco News

လက်ရှိမှာ မန်စီးတီးအသင်းရဲ့ အဓိက အသင်းခေါင်းဆောင်အဖြစ်နဲ့ အသင်းရဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်ကစားသမားကြီးဖြစ်တဲ့ ဖာနန်ဒင်ဟိုက တာဝန်ယူနေတာဖြစ်ပြီး အသင်းနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင်ကလည်း ၂၀၁၉ခုနှစ်မှာ အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ဗင်းဆင့်ကွန်ပနီ အသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း အသင်းရဲ့ အသင်းခေါင်းဆောင်ပိုင်းအတွက် အသင်းသားတွေကြား မဲပေးရွေးချယ်မှုတွေနဲ့ ဆုံးဖြတ်တာမျိုးကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုခဲ့ပြီးနောက်မှာ အသင်းရဲ့ ကစားသမားဟောင်းကြီး ဒေးဗစ်ဆေးလ်ဗားက အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသလို ဆေးလ်ဗားက အသင်းနဲ့ လမ်းခွဲချိန်မှာ အသက်(၃၆)နှစ်ရှိပြီဖြစ်ပြီး အသင်းနဲ့ (၁)နှစ် သက်တမ်းတိုးထားတဲ့ ဖာနန်ဒင်ဟိုက အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖာနန်ဒင်ဟိုက မန်စီးတီးရဲ့ အဓိက အသင်းခေါင်းဆောင် ဂန်ဒိုဂန်က ဒုတိယ ဦးစားပေး မနှစ်က ရာသီအတွင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ရူဘင်ဒီယက်စ်က တတိယ ဦးစားပေးနဲ့ ဒီဘရိုင်းနားက စတုတ္ထ ဦးစားပေးအဖြစ် အသီးသီး ရွေးချယ်ခံထားရပါတယ်။