ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကပဲ အသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုလာခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်ရဖို့ပါ တောင်းဆိုခဲ့တာကြောင့် သူ့ကို မန်စီးတီးအသင်းကနေ ခေါ်ယူဖို့အတွက် ကြိုးပမ်းလာခဲ့ရာ မက်ဆီကိုယ်တိုင်ပါ သူရဲ့ဆရာဟောင်း ပတ်ဂွာဒီယိုလာနဲ့ ပြန်လည်ပူးပေါင်းဖို့အတွက် စိတ်ပါဝင်စားခဲ့ပေမယ့် မက်ဆီရဲ့ဖခင် ဟိုဂေမက်ဆီနဲ့ ဘာစီလိုနာဥက္ကဌဘာတိုမူတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာတော့ မက်ဆီဟာ သူရဲ့စိတ်ကူးတွေအားလုံးကို ပြန်လည်ပြင်ဆင်ခဲ့ကာ ဘာစီလိုနာမှာပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတာဖြစ်ပြီး အသင်းနဲ့သူ့ကြားမှာလည်း ယူရိုသန်း(၇၀၀)လောက်ရှိတဲ့ စာချုပ်လျော်ကြေးကို ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ စာချုပ်လျော်ကြေးအတိုင်း ကမ်းလှမ်းမှသာ ခေါ်ယူနိုင်မှာဖြစ်လို့ ခေါ်ယူချင်တဲ့ အသင်းတိုင်းက ဘယ်လိုမှ မတတ်နိုင်တော့ပဲ လက်လျှော့ခဲ့ရပြီး မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ စာချုပ်ကုန်ချိန်ထိ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် မက်ဆီနဲ့ မန်စီးတီးတို့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းဟာလည်း တခန်းရပ်သွားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အသင်းနဲ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ပြီးမှ အသင်းဆီ မရောက်လာနိုင်တော့တဲ့ မက်ဆီနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းက “ကျွန်တော်ဂရုမစိုက်ပါဘူး။ တကယ်ကို ဂရုမစိုက်ဘူး။ သူသာ ကျွန်တော်တို့အသင်းဆီကို ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ကို အကောင်းဆုံးတွေဖြစ်လာအောင် သူကူညီပေးမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ သူက ဘောလုံးသမိုင်းရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ပဲကို။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အသင်းဆီကို ဘယ်ကစားသမားသစ်တွေ ရောက်လာမလဲ အသင်းက ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ဘယ်တော့မှမကြည့်ရှုတတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာလည်း တကယ့်ကို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ကစားသမားတစ်ယောက် အသင်းကို ရောက်လာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာ ယူဆရတာက ကျွန်တော့်အတွက်တော့ တကယ့်ကို အဆင်မပြေပါဘူး။ ဒါက ဘောလုံးနယ်ပယ်အတွင်းမှာ ဖြစ်ပျက်နေတာတွေလေ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်း နောက်ခံလူနာသန်အကီနဲ့ တောင်ပံကစားသမား ဖယ်ရန်တောရက်စ်တို့ကို ခေါ်ယူထားခဲ့ပါတယ်။