ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ကယ်ဗင် ဒီဘရိုင်းကတော့ သူဟာ အသင်းဖော်သစ် အာလင်း ဟာလန်းနဲ့ တွဲကစားဖို့ မစောင့်နိုင်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရသလို သူက ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရထားပြီး လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ဆိုရင် မန်ချက်စတာ စီးတီးရဲ့ ကစားသမားသစ် ဖြစ်လာတော့မှာပါ။

Photo Credit: The Mirror

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးဟာ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့ အတူ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း အဖြစ် ရပ်တည်နေနိုင်ပေမယ့် ဆာဂျီယို အဂူရို နောက်ပိုင်း အသင်းရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ အထောင်တိုက်စစ်မှူးကို မပိုင်ဆိုင်ခဲ့တာကြောင့် အရေးပါတဲ့ ပွဲစဉ်တွေမှာ လိုအပ်တဲ့ သွင်းဂိုးတွေ ရယူဖို့ ခက်ခဲလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက လာမယ့်ရာသီ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ဒေါ့မွန်မှာ တောက်ပနေတဲ့ အာလင်း ဟာလန်းကို ဥရောပ အသင်းကြီးများစွာနဲ့ ယှဉ်ပြိုင်ကာ အမိအရ ခေါ်ယူခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဒီဘရိုင်းကလည်း ဟာလန်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် သူနဲ့ တွဲကစားဖို့ မစောင့်နိုင်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

Photo Credit: The Mirror

ဒီဘရိုင်းက – “အာလင်း ဟာလန်းက ထိပ်တန်း တိုက်စစ်မှူး တဦးပါ။ သူ့ရဲ့ အပြောင်းအရွှေ့က ကျွန်တော်တို့ အသင်းကို ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်လာအောင် လုပ်ပေးနိုင်မယ် ဆိုတာ သံသယဝင်စရာ မလိုပါဘူး။ လူတိုင်းက သူ ရောက်လာမယ့်နေ့ကို စောင့်ဆိုင်းခဲ့ကြတာပါ။ အသင်းကလည်း နံပါတ်၉ တိုက်စစ်မှူးစစ်စစ် တဦးကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားခဲ့သလို ကျွန်တော်တို့က မှန်ကန်တဲ့ အပြောင်းအရွှေ့ တခုကို လုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ ပြောသလို ဟာလန်းကြောင့် ကျွန်တော့်ရဲ့ ဂိုးဖန်တီးမှု မှတ်တမ်း တိုးတက်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက တည်ငြိမ်တဲ့ ခြေစွမ်းတရပ် ထုတ်ပြနိုင်ဖို့ပါပဲ။ ကျွန်တော်ကတော့ ဟာလန်းနဲ့ တွဲကစားရဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားထားတာပါ။