လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာရပ်တွေကြောင့် နယ်ပယ်အသီးသီးမှာ ထိခိုက်နစ်နာမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိနေပြီး ဘောလုံးလောကအတွင်းမှာ ဘောလုံးပွဲတွေကို ရပ်ဆိုင်းထားရတာဟာ (၂)ပတ်ကျော်သွားခဲ့ပြီဖြစ်သလို ဘောလုံးကစားသမားတွေကိုလည်း သူတို့ရဲ့နေအိမ်ကမထွက်ပဲ သီးသန့်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေရပါတယ်။ ဒီလို နေအိမ်မှာပဲ နေထိုင်နေရတဲ့ ကစားသမားတွေထဲမှာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဖြစ်သူ ကယ်ဗင်ဒီဘရိုင်းလည်း အပါအဝင်ဖြစ်နေပါတယ်။

Photo Credit : Premier League

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ လက်ရှိမှာတော့ မန်ချက်စတာမြို့မှာရှိနေတဲ့ သူရဲ့နေအိမ်အတွင်း သူ့မိသားစုဝင်တွေနဲ့အတူ နေထိုင်လျက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်မကူးအောင် သီးသန့်နေထိုင်လျက်ရှိနေပါတယ်။ အခုလို အနားယူနေရတာနဲ့ပတ်သက်ပြီး ဒီဘရိုင်းက “ကျွန်တော်ဇနီးသည်ကို ပြောလိုက်သေးတယ်။ ငါတော့ ဘောလုံးကို ဒီထက်နှစ်ပိုကြာကြာ ကစားချင်တယ်ဆိုပြီး။ အခုလို Lockdown ချပြီးသွားပြီးနောက်မှာတော့ ကျွန်တော့်အချိန်တွေ အိမ်မှာပဲ ဆက်ကုန်နိုင်တော့မှာ မဟုတ်ဘူး”

Photo Credit : Manchester City FC

“ကျွန်တော်ရဲ့ ဘောလုံးသမားဘဝကို နောက်ထပ်၂နှစ်လောက် ထပ်တိုးသွားချင်တယ်လို့ ဇနီးသည်ကို ပြောမိခဲ့သေးတယ်။ ကျွန်တော့်အတွက် ဘောလုံးကစားဖို့ဆိုတာ အချိန်တွေက အများကြီးရှိနေပါသေးတယ်။ အခုဆိုရင် ဘောလုံးကစားရတာကို ကျွန်တော်အရမ်းလွမ်းဆွတ်နေတယ်။ ဘောလုံးမကစားရတော့ တစ်ခုခုလိုနေသလိုပါပဲ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့က အရေးမကြီးသလို ဘောလုံးအားကစားကလည်း အားလုံးအတွက် အရေးမကြီးပါဘူး။ လူတွေက ဘောလုံးအားကစားကို နှစ်သက်ကြတယ်ဆိုပေမယ့် လူတိုင်းအတွက်တော့ ဘေးကင်းဖို့က အရေးကြီးပါတယ်။ ကျွန်တော်တောင် နေအိမ်မှာပဲ နေနေရတာ (၂)ပတ်လောက်ကို ရှိနေပါပြီ။ အစတုန်းကတော့ ကျွန်တော့်ဇနီးမှာရော ကလေးတွေမှာပါ ဖျားနာမှုတွေရှိနေခဲ့လို့ စိတ်ပူခဲ့ရပါသေးတယ်။ အခုတော့ သူတို့တွေအားလုံး သက်သာနေပါပြီ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။