MySport Myanmar

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တဲ့ ဒီဘရိုင်း

မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်သူ ကွင်းလယ်ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းဟာ ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင် ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက ဝုလ်ဖ်ဘတ်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အခုဆိုရင် သူရဲ့ မန်စီးတီး ကစားသမားဘဝက အဆုံးသတ်လုနီးပါး အခြေအနေအထိကို ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : De Morgan

မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၃၈၀)အထိ ပါဝင်ကစားပေးခဲ့ရင်း (၁၀၂)ဂိုးသွင်း ဂိုးပေါင်း (၁၇၀)အထိ ဖန်တီးပေးနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လမှာပဲ မန်စီးတီးနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို လက်ရှိ အခြေအနေတွေအရလည်း သက်တမ်းတိုးဖို့ထက် လမ်းခွဲကြဖွယ်သာ ရှိနေပါတယ်။

TEAMtalk ရဲ့ ဘောလုံးအပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်ဖြစ်သူ ရူဒီ ဂလက်တီရဲ့ ဖော်ပြချက်အရ ဘန်ဇီမာ ကန်တေ ဖာဘင်ဟိုတို့လို ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ အယ်လ်အစ်တီဟတ်အသင်းက ဒီဘရိုင်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့တယ်လို့ သိရှိရပြီး ဒီအပြောင်းအရွှေ့ဟာလည်း စောင့်ကြည့်ချင်စရာ အခြေအနေတစ်ခု ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football Transfer

ဆော်ဒီပရိုလိဂ် ချန်ပီယံဟောင်း အယ်လ်အစ်တီဟတ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားတွေကို သူတို့အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ဖူးတဲ့ ကလပ်အသင်းဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာဆိုရင်လည်း လီဗာပူးလ်အသင်းရဲ့ အီဂျစ် တိုက်စစ်ကစားသမား မိုဆာလာကို ကြိုးပမ်းခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အယ်လ်အစ်တီဟတ်က မန်စီးတီးနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတဲ့ ဒီဘရိုင်းကိုသာ ပိုမို စိတ်ဝင်စားနေခဲ့ပြီး ကစားသမားဖြစ်သူနဲ့လည်း personal agreed ရထားခဲ့ပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ အထမြောက်လာဖို့အတွက် မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ကိုသာ ဆက်လက် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

Exit mobile version