ဒီနှစ်ဘောလုံးရာသီရဲ့ တာအထွက်လေးမှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲအတွင်း (၁၁)ဂိုးအထိကို ခွင့်ပြုလို့ထားရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ အသင်းရဲ့လိုအပ်ချက်ဖြစ်တဲ့ ဗဟိုခံစစ်နေရာအတွက် ကစားသမားသစ်တစ်ယောက်ကို မခေါ်ယူနိုင်ခဲ့ခြင်းအပေါ် အသင်းရဲ့ပရိသတ်တွေ အသင်းသားဟောင်းတွေက ဝေဖန်ပြစ်တင်လျက်ရှိနေသလို အသင်းကလည်း ခံစစ်ပိုင်းကို ပြင်ဆင်သွားဖို့ မဖြစ်မနေ လိုအပ်နေတဲ့အတွက် လာမယ့်နွေစျေးကွက်အတွင်းမှာတော့ လိုက်ပ်ဇစ်အသင်းရဲ့နောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုကို အရခေါ်ယူဖွယ်ရှိနေပါတယ်။

Photo Credit : Mirror

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား အူပါမယ်ကာနိုဟာ လိုက်ပ်ဇစ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြသခဲ့သူဖြစ်ပြီး မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လိုက်ပ်ဇစ်ကို ဆီမီးဖိုင်နယ်ထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့တဲ့ အူပါမယ်ကာနိုကို ယူနိုက်တက်အပါအဝင် ဥရောပထိပ်တန်းအသင်းတွေကနေ အလိုရှိနေခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်က အူပါမယ်ကာနိုကို စာချုပ်သက်တမ်း တိုးမြင့်ထားတာကြောင့် ဒီနှစ်နွေစျေးကွက်မှာ ခေါ်ယူနိုင်ဖို့က အရမ်းကို ခက်ခဲနေခဲ့ရပြီး သူရဲ့စာချုပ်ပါ အချက်အလက်တွေကြောင့် လာမယ့်နွေစျေးကွက်လောက်မှသာ သူ့ကို ခေါ်ယူဖို့ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

Photo Credit : TeamTalk

လိုက်ပ်ဇစ်ဘက်ကနေ အူပါမယ်ကာနိုကို ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တာဖြစ်ပြီး စာချုပ်ပါအချက်အလက်တွေအရ သူရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ သက်တမ်းတိုးပြီးလို့ တစ်နှစ်အကြာမှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။ အူပါမယ်ကာနိုရဲ့ စာချုပ်လျော်ကြေးကတော့ ယူရိုသန်း(၅၀)ဝန်းကျင်လောက်ရှိပြီး ဒီပမာဏနဲ့ဆိုရင် သူ့ကိုအလိုရှိနေတဲ့ အသင်းတွေအတွက်လည်း အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိ ဥရောပရဲ့ အကောင်းဆုံးခံစစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ အူပါမယ်ကာနိုကို ဘိုင်ယန်မြူးနစ် ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး အသင်းတိုင်းဆီမှာကလည်း ဗဟိုခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေကြလို့ အူပါမယ်ကာနိုကို အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ ဒီအသင်းတွေထဲကမှ ယူနိုက်တက်အသင်းအနေနဲ့လည်း ခံစစ်ပိုင်းအားနည်းချက်တွေ ရှိနေတဲ့အတွက် အူပါမယ်ကာနိုကို အရခေါ်ယူဖို့ စီစဉ်ထားမှာဖြစ်ပေမယ့် အူပါမယ်ကာနိုကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ကလပ်အသင်းကိုသာ ရွေးချယ်မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဒီရာသီမှာလည်း အဆင့်(၄)အတွင်း ဝင်ရောက်ဖို့ လိုအပ်နေပါတယ်။