လာမယ့်ဘောလုံးရာသီမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ့် ပြင်သစ်နောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုဟာ ဆယ်ကျော်သက် ကစားသမားလေး အရွှယ်တုန်းကတည်းက ဥရောပထိပ်တန်း ကလပ်အသင်းတစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရသေးတယ်လို့ ကစားသမားကိုယ်တိုင် ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား အူပါမယ်ကာနိုဟာ လက်ရှိ ဥရောပဘောလုံးလောကအတွင်းမှာ အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သလို လာမယ့်ရာသီမှာလည်း ဘွန်ဒစ်လီဂါရဲ့ အင်အားကြီးအသင်း ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိတော့မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒီကစားသမားလေးကို ဥရောပ ထိပ်တန်းကလပ်ပေါင်းများစွာကနေ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်း ထိပ်ဆုံးကနေကို ပါဝင်ခဲ့ပါတယ်။

Photo Credit : Mirror

ယူနိုက်တက်အသင်းဟာ အူပါမယ်ကာနိုကို အခုမှ စိတ်ဝင်စားခဲ့တာမဟုတ်ပဲ အူပါမယ်ကာနို ဆယ်ကျော်သက်အရွှယ်မှာကတည်းက သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ အူပါမယ်ကာနိုဟာ အဲ့ဒီအချိန်တုန်းက လီဂူးတူးကလပ် ဗလင်စီနက်အသင်းရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး သူရဲ့ခြေစွမ်းတွေကြောင့် ကလပ်အသင်းများစွာက ပစ်မှတ်ထားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ယူနိုက်တက်လည်း ပါဝင်လာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အူပါမယ်ကာနိုက “ကျွန်တော်က အဲ့ဒီအချိန်တုန်းက အရမ်းကို ငယ်ရွှယ်နေသေးတယ်။ နောက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကြီးနဲ့လည်း ချက်ချင်းကို လက်မှတ်ရေးထိုးချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ မိဘတွေက ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သေသေချာချာလေး ပြန်လည်စဉ်းစားဖို့ ပြောဆိုခဲ့တယ်” လို့ ရှင်းပြသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အူပါမယ်ကာနိုနဲ့ ယူနိုက်တက်ကို မပြောင်းခဲ့ဖြစ်ပဲ ဆာလ်ဇ်ဘာ့ဂ်နဲ့ လိုက်ပ်ဇစ်အသင်းတွေမှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ ရန်းနစ်ကြောင့် ဆာလ်ဇ်ဘာ့ဂ်ကို ရောက်ရှိလာရသလို အဲ့ဒီကမှတစ်ဆင့် လိုက်ပ်ဇစ်ကို ရောက်ရှိလာပြီး သူရဲ့အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည်တွေကို ပြသလာနိုင်ခဲ့တာဖြစ်ပါတယ်။