ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်နောက်ဆုံးနေ့ရက်မှ မန်ချက်စတာယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ထိပ်တန်းတိုက်စစ်မှူးကြီးတစ်ဦးဖြစ်တဲ့ အက်ဒီဆင်ကာဗာနီဟာ အခုအချိန်မှသာ ယူနိုက်တက်နဲ့ ပူးပေါင်းဖို့ အခွင့်အရေးရခဲ့တာမဟုတ်ပဲ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်ကတည်းက နာပိုလီအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာဖို့ နီးစပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ယူနိုက်တက်နည်းပြဖြစ်ခဲ့တဲ့ ဒေးဗစ်မိုရက်စ်က ဒီအခွင့်အရေးကို ပယ်ချခဲ့လို့သာ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိခဲ့တာလို့ သိရှိရပါတယ်။

Photo Credit : Football365

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ၂၀၁၃ခုနှစ်ကမှ နာပိုလီကနေ ပီအက်စ်ဂျီအသင်းဆီကို ပေါင်(၅၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၇)နှစ်အထိ ဖြတ်သန်းခဲ့ပြီးနောက် အသင်းရဲ့သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်အရွှယ်အရ အကျပိုင်းကို ရောက်လာခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရတဲ့အတွက် ကာဗာနီကို ပီအက်စ်ဂျီဘက်ကနေ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လက်လွတ်လိုက်တာဖြစ်ပါတယ်။

Photo Credit : Daily Mail

အသင်းလက်မဲ့ ဖြစ်သွားခဲ့တဲ့ ကာဗာနီဟာ အသင်းပေါင်းများစွာနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာတော့ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကာဗာနီဟာ ၂၀၁၃ခုနှစ် နာပိုလီကနေ ပီအက်စ်ဂျီအသင်းဆီကို မပြောင်းရွှေ့ခင်မှာပဲ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာဖို့ အခွင့်အရေးတွေ ရှိခဲ့ဖူးသေးပြီး ယူနိုက်တက်နည်းပြဟောင်းဖြစ်တဲ့ ဒေးဗစ်မိုရက်စ်က ကာဗာနီရဲ့ခြေစွမ်းအပေါ် အားရခြင်းမရှိတဲ့အတွက် ပယ်ချခဲ့တာဖြစ်တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီဖော်ပြချက်ထဲမှာ ကာဗာနီကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ရဲ့အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ်ကိုယ်တိုင်ကပါ မိုရက်စ်ကို တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပြီး မိုရက်စ်ကတော့ အသင်းရဲ့ကင်းထောက်တွေ တင်ပြထားခဲ့တဲ့ ကာဗာနီရဲ့စွမ်းဆောင်ရည်တွေကို ကျေနပ်မှုမရှိလို့သာ မခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကာဗာနီဟာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ (၇)ကို ဝတ်ဆင်သွားမှာဖြစ်ပေမယ့် ပြင်သစ်ကနေ အင်္ဂလန်ကို လာရမှာဖြစ်လို့ Quarantine (၁၄)ရက်ဝင်ရမှာဖြစ်လို့ နယူးကာဆဲလ်နဲ့ပွဲစဉ်ကို လွဲချော်ရတော့ဖို့ အလွန်နီးစပ်လျက်ရှိနေပါတယ်။