လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် အသင်းတသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဝါရင့်နည်းပြကြီး ဒေးဗစ်မိုရက်စ် ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်နေကြောင်း ချီးကျူးလိုက်ပါတယ်။

အသက် ၅၈နှစ် အရွယ် စကော့တလန်လူမျိုး နည်းပြ ဒေးဗစ်မိုရက်စ်ဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းနဲ့ အတူ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်မှာ ထင်ရှားလာတဲ့ နည်းပြတဦး ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ ကိုင်တွယ်ခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် မိုရက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အောင်မြင်မှုတွေ မရခဲ့ပဲ အသင်းကို ရောက်ရှိပြီး တနှစ်မပြည့်ခင်မှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ မိုရက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ကိုင်တွယ်နေတာ ၄နှစ် ရှိနေပြီ ဖြစ်ကာ သူ့ရဲ့လက်ထက်မှာတော့ ဝက်စ်ဟမ်းအသင်းဟာ အလယ်အလတ်အဆင့် ကနေ ဖျက်မြင်းအသင်း တသင်း ဖြစ်လာပါတယ်။

လက်ရှိ ဘောလုံးရာသီမှာလည်း ဝက်စ်ဟမ်းအသင်းဟာ ၄ပွဲကစား ၂ပွဲနိုင် ၂ပွဲသရေ ရလဒ်ကို ရရှိထားပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၂မှတ်သာ ကွာဟနေပါတယ်။ ဒီတပတ်မှာတော့ ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုရက်စ်က လတ်တလော ဝေဖန်မှုတွေ ခံနေရတဲ့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်တဲ့ နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit: Sky Sports

မိုရက်စ်က – “ကျွန်တော်ကတော့ အိုလီဟာ တကယ်ကို ကောင်းတဲ့ အစုအဖွဲ့တခုကို ဖွဲ့စည်းခွင့် ရခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အကောင်းဆုံး ကိုင်တွယ်နေတယ်လို့ မြင်ပါတယ်။ အခုဆိုရင် သူက အရင်နှစ်တွေထက် ပိုကောင်းပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပိုင်ဆိုင်ထားပါပြီ” လို့ ချီးကျူးသွားခဲ့တာပါ။