ချယ်လ်ဆီးအသင်းက လိုက်ပ်ဇစ်က ဂျာမန်တိုက်စစ်မှူးလေး တီမိုဝါနာကို ခေါ်ယူခဲ့စဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်နောက်ခံကစားသမား ရူဒီဂါရဲ့အကူအညီတွေက အရေးပါခဲ့သလို ဘောလုံးလောကအတွင်းမှာ ကစားသမားကို ကိုယ့်အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် အသင်းသားတွေရဲ့ အကူအညီကလည်း အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်လို့နေပါတယ်။ အခုလည်း အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်နောက်ခံလူကြီးဖြစ်တဲ့ သီယာဂိုဆေးဗားကို ခေါ်ယူဖို့အတွက် ခံစစ်မှူးဒေးဗစ်လူးဝစ်ဇ်ရဲ့ အကူအညီကို ရယူနေရပြီး လူးဝစ်ဇ်ကလည်း သူရဲ့အသင်းဖော်ဟောင်းနဲ့ အာဆင်နယ်မှာ ပြန်လည်တွဲဖက်ကစားချင်နေပါတယ်။

Photo Credit : AS English

အသက်(၃၅)နှစ်အရွှယ်ရှိ ပီအက်စ်ဂျီအသင်းခေါင်းဆောင် ဗဟိုခံစစ်ကစားသမားကြီး သီယာဂိုဆေးဗားဟာ ပီအက်စ်ဂျီအသင်းမှာ (၈)နှစ်တာလောက်အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး ဒီနေ့မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက်ဆင်နွဲရဦးမှာဖြစ်လို့ ရာသီကုန်ချိန်ထိ ဆေးဗားကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘောလုံးရာသီပြီးတာနဲ့ ဆေးဗားဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ သူ့ကို လက်ရှိမှာတော့ အာဆင်နယ် စပါး အဲဗာတန် အေစီမီလန်တို့အပြင် ဘရာဇီးကလပ်တွေကလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။

Photo Credit : Metro

ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဥရောပမှာပဲ ဆက်လက်ကစားချင်နေသေးတာကြောင့် အာဆင်နယ် စပါး အဲဗာတန်နဲ့ အသင်းဟောင်းမီလန်တို့က တစ်သင်းသင်းကို ရွေးချယ်ဖွယ်ရှိနေတာမို့ အာဆင်နယ်ဘက်ကနေ တခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်အောင် ဆေးဗားနဲ့ ပီအက်စ်ဂျီအသင်းမှာ တွဲဖက်ကစားဖူးသူလည်းဖြစ် တစ်နိုင်ငံတည်းသားတွေပါဖြစ်နေတဲ့ ဒေးဗစ်လူးဝစ်ရဲ့အကူအညီကို ရယူနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်နည်းပြအာတီတာကလည်း ဆေးဗားနဲ့ပါ တွေ့ဆုံြ့ပီး အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ လာမယ့်စျေးကွက်အတွင်းမှာ ငွေကြေးသုံးစွဲမှုတွေကို သိပ်လုပ်နိုင်မှာမဟုတ်လို့ ဆေးဗားတို့လို အလွတ်ပြောင်းရွှေ့ကြေး ရရှိနိုင်မယ့် ကစားသမားကောင်းတွေကိုပဲ ပိုမိုပစ်မှတ်ထားလို့နေပြီး အသင်းရဲ့ဘတ်ဂျက်အနေအထား ကာမိနိုင်အောင်လို့ အိုဇေး လာကာဇက် ဂွမ်ဒူဇီတို့လို ကစားသမားတွေကို အသင်းကနေ ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။