MySport Myanmar

အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ဒေးဗစ်လူးဝစ်ဇ်

ချယ်လ်ဆီး အာဆင်နယ်အသင်းတွေရဲ့ နောက်ခံကစားသမားဟောင်းကြီး ဒေးဗစ်လူးဝစ်ဇ်ဟာ လက်ရှိမှာ သူရဲ့အမိမြေ ဘရာဇီးလ်မှာ ဘောလုံးသမားဘဝကို ဖြတ်သန်းနေရင်းနဲ့ လက်ရှိမှာ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ဖလာမင်ဂိုအသင်းကနေ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းဆီကို ဆက်သွယ်ပြီး လူးဝစ်ဇ်ကို ခေါ်ယူမလားလို့ ကမ်းလှမ်းလာခဲ့တဲ့အတွက် လူးဝစ်ဇ်အနေနဲ့ ဥရောပ ဘောလုံးလောကထဲကို တကျော့ပြန် ရောက်ရှိလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင်ဟောင်း ဗဟိုနောက်ခံလူ လူးဝစ်ဇ်ဟာ မနှစ်က ဘောလုံးရာသီကတည်းက အာဆင်နယ်အသင်းကနေ ဖလာမင်ဂိုအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဖလာမင်ဂိုဘက်ကနေ သူတို့ကစားသမားကြီး လူးဝစ်ကို ခေါ်ယူမလားဆိုပြီး အင်တာမီလန်ဘက်ကို ကမ်းလှမ်းလာခဲ့တာကြောင့် အင်တာဘက်က ဒီကမ်းလှမ်းမှုအပေါ် အသေအချာ စဉ်းစားလျက် ရှိနေပါတယ်။ အင်တာမီလန်က အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် နောက်ခံလူတွေဖြစ်တဲ့ ဘက်စတိုနီ ဒီဗရိုင်းနဲ့ ရှကရီညာတို့ထဲက ပြောင်းရွှေ့ကြေး အမြောက်အများ ရရှိနိုင်မယ့် ကစားသမားတွေကို ရောင်းထုတ်ဖွယ် ရှိနေတဲ့အတွက် လူးဝစ်ဇ်လို ဝါရင့်ခံစစ်မှူးကြီးနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Goal

၂၀၀၇ခုနှစ်ကနေ စတင်ပြီး ဘင်ဖီကာ ချယ်လ်ဆီး ပီအက်စ်ဂျီ အာဆင်နယ်အသင်းတွေနဲ့အတူ ဥရောပဘောလုံးနယ်ပယ်အတွင်း ဆယ်စုနှစ်ခွဲတခုတာလောက် ကျင်လည်ခဲ့တဲ့ ဗဟိုနောက်ခံလူ လူးဝစ်ဇ်ဟာ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာပဲ ဖလာမင်ဂိုအသင်းဆီကို (၁၅)လစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖလာမင်ဂိုအသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲအထိ ပါဝင်ကစားပေးထားတဲ့ လူးဝစ်ဇ်ဟာ လာမယ့် ဒီဇင်ဘာလမှာပဲ သူရဲ့လက်ရှိကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပေမယ့်လည်း အသင်းနဲ့ သက်တမ်းမကုန်ခင်မှာ အသင်းကနေ ထွက်ခွာပြီး အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။ အင်တာမီလန်အသင်းဟာလည်း အီဒင်ဂျက်ကို အက်ရှ်လေယန်း အာတိုယိုဗီဒယ်လ်တို့လို အသက်အရွယ် အလွန်ကြီးမားနေတဲ့ ဝါရင့်ကစားသမားကြီးတွေကို ခေါ်ယူခဲ့ဖူးပြီး အသင်းအတွက်လည်း အကျိုးပြုစေခဲ့တာကြောင့် လူးဝစ်ဇ်ရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version