ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းချိန်ခန့်မှာပဲ ချယ်လ်ဆီးအသင်းကနေ သူတို့ရဲ့လန်ဒန်ဒါဘီအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းဆီကို အံ့အားသင့်စဖွယ် ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံကစားသမား ဒေးဗစ်လုဇ်က သူရဲ့အာဆင်နယ်ကစားသမားဘဝ တာထွက်အချိန်တွေမှာ အသင်းရဲ့ခံစစ်အတွက် အကောင်းဆုံးကစားပြနိုင်ခြင်းမရှိပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာ အသင်းနဲ့ ပိုမိုအံ့ဝင်လာခဲ့သလို ခံစစ်မှာ ဦးဆောင်နေသူတစ်ယောက် ဖြစ်လာခဲ့တာကြောင့် လာမယ့်ပွဲတွေမှာ အသင်းအတွက် သူရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အစွမ်းကုန်ပြသပြီး အသင်းအတွက် ကူညီပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : KT Press

အာဆင်နယ်အသင်းဟာ လတ်တလောမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၄ပွဲဆက်တိုက် သရေကျထားခဲ့လို့ ပွဲစဉ်(၂၅)အထိ ကစားခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့အဆင့်၁၀နေရာထိ ရောက်ရှိနေရသလို ချန်ပီယံလိဂ်ဝင့်ခွင့်နေရာကို ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းနဲ့ ၁၀မှတ်အထိ ကွာဟလို့နေရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရာသီသိမ်းဖို့က ၁၃ပွဲအထိ ကျန်ရှိနေသေးသလို အာဆင်နယ်အတွက် အက်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာလည်း ဆက်လက်တိုက်ပွဲဝင်နိုင်သေးတာကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ ဆုဖလားမျှော်လင့်ချက်တွေ ရှိနေသေးတာဖြစ်တယ်လို့ ဒေးဗစ်လုဇ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal.com

ဒေးဗစ်လုဇ်က “ကျွန်တော်က ဆုဖလားတွေကို ဆာလောင်နေသူပါ။ အာဆင်နယ်နဲ့လည်း ဆုဖလားတွေကို ပိုင်ဆိုင်ချင်ပါတယ်။ ဒီအသင်းကို ပြန်လည်တောက်ပလာအောင် လုပ်ပေးချင်တယ်။ ဒါက ကျွန်တော့်ရည်မှန်းချက်ပဲ။ ဒါတွေ မဖြစ်လာမချင်း ကျွန်တော်ရပ်တန့်ဦးမှာ မဟုတ်ပါဘူး။ ဒါကပဲ ကျွန်တော်အမြဲတမ်းရှေ့ဆက်နိုင်အောင် လုပ်ဆောင်ပေးနေတာပါ။ ဒီလို ဆုဖလားအောင်မြင်မှုတွေ ရလာဖို့အတွက် ယုံကြည်စိတ်ကတော့ မဖြစ်မနေ လိုအပ်တယ်။ မဖြစ်လာနိုင်စရာမှ မရှိပဲ။ စိတ်ကူးအိမ်မက်ထားရမယ်။ ဒါကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ လေ့လာရမယ်။ ပြီးတော့ အကောင်အထည်ဖော်နေတုန်း အောင်မြင်လာတာတွေ ကျရှံးလာတွေရှိရင်လည်း စိတ်အပြောင်းအလဲမဖြစ်သွားအောင် အာရုံစိုက်ထားရပါမယ်။ ဒါတွေကြောင့်ပဲ ဒီရာသီမှာ ကျွန်တော့်တိုတွေ အောင်မြင်မှုရနိုင်သေးတယ်လို့ ဆိုချင်တာပါ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဆောင်းရာသီနားရက်ယူနေပြီး ဖေဖော်ဝါရီ လလယ်ပိုင်းမှသာ ဘောလုံးပွဲတွေကို ပြန်လည်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။