ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ဂိုးသမား တဦး ဖြစ်သူ ဒေးဗစ်ဂျိမ်းစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဝက်စ်ဟမ်းကနေ ထိပ်တန်းအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ပြည်တွင်းကလပ် အာဆင်နယ်ဆီ ပြောင်းမယ့် အစား ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး ဖြစ်သလို အင်္ဂလန်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမားလည်း ဖြစ်ပြီး ဒီကလန်ရိုက်စ်က ယခုနှစ် ဘောလုံးရာသီမှာ ဝက်စ်ဟမ်းကို အကောင်းဆုံး ဦးဆောင်ကာ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။

Photo Credit: The Sun

ဒီကလန်ရိုက်စ်ရဲ့ ခြေစွမ်းကောင်းနဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကြောင့်ပဲ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေကြတာ ဖြစ်ပြီး လက်ရှိမှာ နှစ်သင်းစလုံးက ဒီကလန်ရိုက်စ်ထံ ကမ်းလှမ်းမှုတွေ အသီးသီး ပေးပို့ထားကြသလို ဝက်စ်ဟမ်းနဲ့ ဒီကလန်ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ဆွေးနွေးဖို့လည်း အသင့် ပြင်ထားပါတယ်။

ယခုအချိန်မှာ ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းနဲ့ ဖီအိုရင်တီးနားတို့ ယှဉ်ပြိုင် ကစားမယ့် ယူရိုပါ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ အတွက် အာရုံစိုက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် မကြာခင်မှာပဲ သူက သူ့ရဲ့ အနာဂတ် အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခုကို ချမှတ်ရတော့မှာ ဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ အင်္ဂလန်တို့ရဲ့ ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်ကတော့ ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားမယ့် အစား ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကာ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ခံစားပြီး ပိုကောင်းတဲ့ ကစားသမား တဦး ဖြစ်လာအောင် ကြိုးစားသင့်ကြောင်း အကြံပေးလိုက်ပါတယ်။

Photo Credit: Metro

ဒေးဗစ်ဂျိမ်းစ်က – “ကျွန်တော်ကတော့ ဒီကလန်ရိုက်စ်ကို နိုင်ငံခြားမှာပဲ ထွက်ကစားစေချင်ပါတယ်။ သူ့ကို နိုင်ငံခြား ထွက်ကစားစေချင်တဲ့ အကြောင်းပြချက် ၂ခု ရှိပါတယ်။ ပထမတခုက ကျွန်တော်ဟာ သူ့ကို ဝက်စ်ဟမ်းရဲ့ ပြိုင်ဘက် အဖြစ် ပြန်မမြင်ချင်တာပါ။ ဒီကလန်ရိုက်စ်က ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားကောင်း တယောက် ဖြစ်တာကြောင့် သူကသာ ဝက်စ်ဟမ်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရရင် သူ့မှာ ရှိတဲ့ အစွမ်းအစ အကုန် ထုတ်သုံးမှာ သေချာပါတယ်။ ဒုတိယ တခုက သူသာ နိုင်ငံခြား ထွက်ကစားခဲ့ရင် အတွေ့အကြုံတွေ အများကြီး ရလိမ့်မယ်လို့ ထင်လို့ပါ။ တကယ်လို့ သူသာ နိုင်ငံခြားဆီ ထွက်ကစားခဲ့ရင် ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ ကျွန်တော် ကြုံတွေ့ခဲ့ရသလို အတွေ့အကြုံသစ်တွေကို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ယဉ်ကျေးမှုအသစ် တခုကို လေ့လာခွင့် ရတာက ကိုယ့်ကို ဘက်စုံတော်တဲ့ ကစားသမား တယောက် ဖြစ်လာစေပါတယ်။ ခင်ဗျားတို့တွေ ဘယ်လင်ဟမ်ကို ကြည့်လိုက်ပါ။ သူက ဒေါ့မွန်မှာ အကောင်းဆုံး တောက်ပပြခဲ့ပါတယ်။ ဒီကလန်ရိုက်စ်ကလည်း ဘယ်လင်ဟမ်ရဲ့ ပုံစံအတိုင်း ဖြစ်လာနိုင်ပါတယ်။ ဒီကလန်ရိုက်စ်က နိုင်ငံခြားအသင်း တသင်းဆီ ပြောင်းကစားပြီး အဲ့ဒီအသင်းရဲ့ ဂန္တဝင် ကစားသမား တဦးတောင် ဖြစ်လာနိုင်ပါတယ်။ အဲ့လို ထွက်ကစားပြီးမှ အင်္ဂလန်ဆီ ပိုရင့်ကျက်တဲ့ ကစားသမား တဦး အဖြစ် ပြန်လာခဲ့ရင် ကျွန်တော်တို့က အခုထက် ပိုကောင်းတဲ့ ဒီကလန်ရိုက်စ်ကို မြင်ခွင့်ရပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။