MySport Myanmar

ဘာစီလိုနာက သူ အကြိုက်ဆုံးအသင်းပါလို့ ပြောလာတဲ့ လိုင်လီကြယ်ပွင့် ဒေးဗစ်

ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်လီရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သလို လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းမယ်လို့ သတင်းကြီးနေတဲ့ ဂျိုနသန် ဒေးဗစ်ကတော့ သူ့ရဲ့ အကြိုက်ဆုံးအသင်းဟာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာပါလို့ ပြောကြားရင်း ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်ကြောင်း အရိပ်အမြွက် ဖွင့်ဟလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ကနေဒါလက်ရွေးစင် တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်က လက်ရှိ လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူဟာ ဂျန့်ကနေ လိုင်လီထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Goal

ဂျိုနသန် ဒေးဗစ်က လိုင်လီအတွက် ၃နှစ်သာ ကစားပေးရသေးပေမယ့် အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရခဲ့သလို ၃နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ဂျိုနသန် ဒေးဗစ်က လိုင်လီအတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ နာမည်ကြီးကလပ် တချို့က သူ့ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Goal

ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အနက် လာလီဂါ ထိပ်သီးကလပ် ဖြစ်တဲ့ ဘာစီလိုနာလည်း ပါဝင်နေပြီး ဂျိုနသန် ဒေးဗစ်ကတော့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ အကြိုက်ဆုံး ဘောလုံးကလပ်ဟာ ဘာစီလိုနာ ဖြစ်ကြောင်း ပြောကြားရင်း ဘာစီလိုနာ အတွက် ရေလာမြောင်းပေး စကားကို ပြောကြားသွားခဲ့ပါတယ်။

ဂျိုနသန် ဒေးဗစ်က – “ကျွန်တော် ငယ်ငယ်ထဲက ဘာစီလိုနာဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးအသင်း ဖြစ်ခဲ့တာပါ။ ကျွန်တော်က ဘာစီလိုနာကို ဆက်ပြီး အားပေးနေဦးမှာပါပဲ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version