မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဧည့်သည်ယူနိုက်တက်အသင်းက ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဘရန့်ဖိုဒ့်ကို အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဝေးကွင်းနိုင်ပွဲပေါင်း (၃၀၀)အထိ ရှိလာခဲ့ရတဲ့ ပထမဆုံး ကလပ်အသင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲမှာ အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့ လက်စွမ်းပြမှု ကာကွယ်နိုင်မှုတွေကလည်း လုံးဝကို အရေးပါ အရာရောက်ခဲ့ပါတယ်။

Photo Credit : Sky Sports

နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်တွေအတွင်း အိမ်ရှင်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဘရန့်ဖိုဒ့်အသင်းရဲ့အပိုင်ကန်သွင်းချက်တွေကိုလည်း ယူနိုက်တက်ဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဂိုးသမားဒီဂီယာက ကာကွယ်မှုပေါင်း (၇)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာကြောင့် “ဒီဂီယာသာ မရှိခဲ့ရင် ဒီပွဲမှာ (၂)ဂိုး(၃)ဂိုးလောက်ကို ခွင့်ပြုနေရပြီ။ သူက အုတ်နံရံကြီး တစ်ခုလိုပဲ။ သူရဲ့ကာကွယ်မှုတွေကို ကျွန်တော်တို့တွေ ကြိမ်ဖန်များစွာထိကို ပြောနေခဲ့ရတယ်” လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က ချီးမွမ်းပြောဆိုလိုက်ကပါတယ်။

Photo Credit : Sky Sports

ဒီလို အသင်းအတွက် ဂိုးကာကွယ်မှုတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်ပြနိုင်တဲ့ ဒီဂီယာရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ဘရန့်ဖိုဒ့်အသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ကပါ အသိအမှတ်ပြု ပြောဆိုခဲ့သလို ယူနိုက်တက် ပရိသတ်တွေကလည်း “ဒီဂီယာက ယူနိုက်တက်ရဲ့ ဂိုးသမားတွေအားလုံးထက် Clean Sheets အကြိမ်ရေ များစွာနဲ့ကို ထိုက်တန်မှုရှိတယ်။ ယူနိုက်တက်လို ကလပ်အသင်းအတွက် သူ ကာကွယ်ပေးခဲ့ရတဲ့ ပမာဏက တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ အခုလည်း နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရမှတ်(၃)မှတ်ကို ရယူနိုင်ခဲ့ပါပြီ” “ဒီဂီယာဟာ ပရီးမီးယားလိဂ်မှာ ကာကွယ်မှု အများဆုံး ဂိုးသမားတစ်ယောက်ပါ။ ဒါက ယူနိုက်တက်အသင်းအတွက်တော့ ရှက်စရာကောင်းတဲ့ အနေအထားတစ်ခုပါပဲ” “ဒီဂီယာသာ ရှိမနေရင် ယူနိုက်တက်က အခုလက်ရှိထက် ပိုဆိုးတဲ့ အနေအထားမှာ ရှိနေရမှာပါ” လို့ တွစ်တာစာမျက်နှာတွေကနေ ရေးသားဖော်ပြလာခဲ့ပါတယ်။ ဒီဂီယာဟာ လက်ရှိမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဂိုးကန်သွင်းမှုတွေကို ကာကွယ်နိုင်မှု အကြိမ်ရေ(၈၁)ကြိမ်နဲ့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ရဲ့ ကာကွယ်မှု အများဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။