MySport Myanmar

မန်ယူကို မရောက်ခင်က ဝီဂန်ဂိုးသမားဖြစ်ဖို့ နီးစပ်ခဲ့သေးတဲ့ ဒဟေးယား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ဒဟေးယားက သူ့အနေနဲ့ အသင်းဟောင်း အသက်လက်တီကိုမက်ဒရစ်မှာ ကစားနေရစဥ်နဲ့ ယူနိုက်တက်ဆီ မပြောင်းရွှေ့ခင်မှာ အဂ်လန် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဝီဂန်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတယ်လို့ ဒဟေးယားကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bola

ယူနိုက်တက်ရဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒဟေးယားဟာ မက်ဒရစ်အခြေစိုက် အသက်လက်တီကိုအသင်းရဲ့ လူငယ်အကယ်ဒမီမှာ ဘောလုံးပညာကို သင်ကြားခဲ့ရင်းနဲ့ ၂၀၀၉ခုနှစ်မှာပဲ တီကို စီနီယာအသင်းမှာ ရွေးချယ်ခံခဲ့ရသလို အသင်းရဲ့ တတိယဦးစားပေး ဂိုးသမား ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ စပိန်လူမျိုး ဘောလုံးနည်းပြ ရောဘတ်တိုမာတီနက်ဇ် ကိုင်တွယ်နေတဲ့ ဝီဂန်အသင်းက ဒဟေးယားကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့လို့ ဝီဂန်ကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ရသေးတယ်လို့ ဒဟေးယားက ပြောဆိုခဲ့ပါတယ်။ ဒဟေးယားက “ကျွန်တော် အသက်လက်တီကိုမှာ ပွဲဦးထွက် ရာသီမှာပဲ ကျွန်တော်က အသင်းရဲ့ တတိယ ဂိုးသမားလို ဖြစ်နေလို့ အသင်းအတွက် အများကြီး ထည့်မတွက်ခံရပဲ လေ့ကျင့်ခန်းဆင်းရုံလောက်သာ ရှိခဲ့ရပါတယ်”

Photo Credit : Planet Football

“ဒါကြောင့် ဝီဂန်အသင်းက ကျွန်တော့်ကို ခေါ်ယူဖို့ ဆက်သွယ်လာခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း ဝီဂန်ကို ပြောင်းရွှေ့ဖို့ အတော်လေးကို နီးစပ်ခဲ့ရတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက်လက်တီကို စီနီယာအသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီရဲ့ ပထမ ရာသီဝက်မှာ အသက်လက်တီကိုအတွက် ပွဲကစားခွင့် သိပ်မရခဲ့တဲ့ ဒဟေးယားက လက်ကျန်ရာသီဝက်မှာ အသင်းရဲ့ ဦးစားပေး ဂိုးသမားပါ ဖြစ်လာခဲ့ရင်း ယူနိုက်တက်ကပါ ဘောလုံးသမားဘဝက အနားယူတော့မယ့် ဂိုးသမားကြီး ဗန်ဒါဆားနေရာမှာ ဒဟေးယားနဲ့ ရေရှည် အစားထိုးဖို့အထိ ပစ်မှတ်ထားလာခံရပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က အနားယူသွားတဲ့ ဗန်ဒါဆားနေရာမှာ ဒဟေးယားနဲ့ အစားလိုက်ပြီး ဒဟေးယားအတွက် အဲ့ဒီအချိန်က ဂိုးသမားတစ်ဦးအတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၁၈.၉)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းအတွက် (၁၂)မြောက်ကို ဖြတ်သန်းနေတဲ့ ဒဟေးယားဟာ ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း နောက်ထပ် တစ်နှစ် ထပ်မံတိုးမြှင့်နိုင်ခွင့်ကို ထည့်သွင်း ချုပ်ဆိုထားတာဖြစ်လို့ ဒဟေးယားကို ယူနိုက်တက် ဂိုးသမားအဖြစ် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအထိပါ ဆက်လက် တွေ့မြင်ရဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ အသက်(၃၁)နှစ်အရွယ် ဂိုးသမားဟာ ဒီရာသီအတွင်း ယူနိုက်တက်အတွက် (၈)ပွဲ ကစားထားပြီးချိန်မှာ (၃)ပွဲ clean sheets ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

Exit mobile version