ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက်မှာ တခြားဘောလုံးသမားတွေလို နည်းပြလောကထဲ ဝင်ရောက်လာတာမျိုးနဲ့ အသင်းရဲ့အားကစားဒါရိုက်တာ တာဝန်ကို ထမ်းဆောင်တာမျိုးတွေမရှိပဲ အသင်းပိုင်ရှင်လမ်းကြောင်းကိုပဲ ရွေးချယ်သွားခဲ့ပြီး သူရဲ့ကစားသမားဘဝ အနားမယူခင် ကျင်လည်ခဲ့တဲ့ မေဂျာလိဂ်ပြိုင်ပွဲအတွင်း အင်တာမိုင်ယာမီဆိုတဲ့ အသင်းသစ်တစ်သင်းကို တည်ထောင်ခဲ့ပြီး ပူးတွဲပိုင်ရှင်အဖြစ် ဆောင်ရွက်နေတဲ့ ဒေးဗစ်ဘက်ခမ်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားနေစဉ်တုန်းက ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ အလွန်နီးစပ်ဖူးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Standard

ကစားသမားဘဝကို ဖြတ်သန်းနေစဉ်အတွင်း ၂၀၀၃ခုနှစ်တုန်းက ဒေးဗစ်ဘက်ခမ်းဟာ သူရဲ့ဇနီးသည် ဗစ်တိုရီးယားအပါအဝင် သူရဲ့အနီးစပ်ဆုံးမိတ်ဆွေတွေနဲဲ့ အမေရိကမှာ အားလပ်ရက်ကို ဖြတ်သန်းနေစဉ်အတွင်း သူ့ကို ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းဆီ ရောင်းချဖို့အတွက် သဘောတူညီထားတယ်ဆိုပြီး သတင်းထွက်နေကြောင်း မိတ်ဆွေတစ်ယောက်က အကြောင်းကြားလာခဲ့လို့ ဒီကိစ္စကို အသေအချာရှင်းလင်းခဲ့ရတယ်လို့ ဘက်ခမ်းက BBC ရေဒီယိုမှာ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဘက်ခမ်းက “ဒီလို ဘာစီလိုနာအသင်းနဲ့ သတင်းထွက်လာခဲ့တဲ့အပေါ်မှာ ကျွန်တော်ဘာမှကို မသိထားခဲ့ကြောင်း ပြန်ပြောခဲ့ရပါတယ်”

Photo Credit : Fussboll

“အဲ့ဒီကနေ အင်္ဂလန်ကို ပြန်ရောက်သွားချိန် ပီတာကင်ယွန်နဲ့ရော နည်းပြဖြစ်သူနဲ့ပါ စကားတွေ ပြောဖြစ်တယ်။ သူတို့က အစပိုင်းတုန်းကတော့ ငြင်းဆိုသေးတယ်။ ကျွန်တော့်ဘက်ကနေ ဒီအကြောင်းအရာတွေကို သေချာသိထားဖို့ လိုအပ်တယ်လို့ ပြောလာခဲ့တော့မှပဲ ဘာစီလိုနာကို ရောင်းချဖို့ သဘောတူညီထားတယ်ဆိုတာကို ဝန်ခံလာခဲ့တာ။ အဲ့ဒီနောက်တော့ ကျွန်တော်အနေနဲ့ အသင်းကနေ ထွက်ခွာရမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းကိုပဲ ရွေးချယ်မှာဖြစ်ကြောင်း အေးဂျင့်ကို ပြောခဲ့တယ်။ နောက်ပြီး ရီးရဲလ်ဥက္ကဌနဲ့လည်း စကားပြောပြီးနောက်မှာတော့ ရီးရဲလ်ကိုရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘက်ခမ်းဟာ သူရဲ့ကစားသမားဘဝမှာ မန်ချက်စတာယူနိုက်တက် ရီးရဲလ်မက်ဒရစ် အယ်အေဂလက်ဆီ အေစီမီလန် ပီအက်စ်ဂျီအစရှိတဲ့ အသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။