နာမည်ကျော်ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက တခြားသော ဘောလုံးသမားတွေလို ကစားသမားဘဝကနေ အနားယူပြီး အသင်းနည်းပြတွေ အသင်းရဲ့နည်းစနစ်ဒါရိုက်တာတွေအဖြစ် ဆောင်ရွှက်ခြင်းမရှိပဲ သူပါဝင်ကစားခဲ့ဖူးတဲ့ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲမှာပဲ အင်တာမိုင်ယာမီဆိုတဲ့ အသင်းတစ်သင်းကို တည်ထောင်ခဲ့ပြီး အဲ့ဒီအသင်းရဲ့ပူးတွဲပိုင်ရှင်အဖြစ် တာဝန်ယူဆောင်ရွှက်နေလျက်ရှိနေရာ အခုဆိုရင် သူရဲ့မိုင်ယာမီအသင်းဟာ ပထမဆုံးသော နိုင်ပွဲကိုပါ စတင်ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Inter Miami

ဒေးဗစ်ဘက်ခမ်းရဲ့အင်တာမိုင်ယာမီအသင်းဟာ ဒီနှစ်ဘောလုံးသီမှာမှ မေဂျာလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ဝင်ရောက်ဆင်နွဲခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစတင်ဝင်ပြီး (၅)လအတွင်းမှာ (၅)ပွဲကစား (၅)ပွဲစလုံးကို အရေးနိမ့်ထားခဲ့ရကာ မေဂျာလိဂ်သမိုင်းကြောင်းတလျှောက် အဆိုးရွှားဆုံးတာထွက်အဖြစ်နဲ့ပါ သတ်မှတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် မိုင်ယာမီအသင်းဟာ ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့ရတဲ့ မေဂျာလိဂ်ပွဲစဉ်မှာတော့ အော်လန်ဒိုစီးတီးအသင်းကို (၃)ဂိုး(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးသောနိုင်ပွဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Tribuna

ဒီနိုင်ပွဲကြောင့် အသင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကလည်း အောင်ပွဲခံခဲ့ပြီး သူရဲ့အောင်ပွဲခံတဲ့ပုံကိုလည်း အင်စတာဂရမ်ကနေတစ်ဆင့် ဖော်ပြသွားခဲ့ပါတယ်။ ဘက်ခမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် သူရဲ့အသင်း အခြေစိုက်ရာ အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခြင်းမရှိတဲ့အတွက် အင်္ဂလန်နိုင်ငံကနေပဲ အောင်ပွဲခံခဲ့ပြီး မိုင်ယာမီအသင်း မေဂျာလိဂ်ကစားနေချိန်ကလည်း အင်္ဂလန်မှာဆို မနက်အစောပိုင်းလောက်ကြီးဖြစ်နေပေမယ့် ဘက်ခမ်းက ကပိုကရိုပုံစံနဲ့ သူရဲ့အသင်းအတွက် အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါ့အပြင် ဘက်ခမ်းက သူရဲ့အင်စတာဂရမ်မှာလည်း “ငါတို့အသင်းရဲ့ငါတို့ကွင်းကြီးအတွင်းမှာ သမိုင်းဝင်နိုင်ပွဲကို ရလိုက်တဲ့အချိန် အသင်းနဲ့အတူ မရှိနေပေမယ့် ငါမင်းတို့နဲ့အတူ အောင်ပွဲခံနေပါတယ်။ ငါတို့ရဲ့ဝန်ထမ်းတွေ ကစားသမားတွေနဲ့ ကွင်းအတွင်း လာရောက်ခွင့်မရှိပေမယ့်လည်း နေအိမ်ကနေ အားပေးနေကြမယ့် ငါတို့ပရိသတ်တွေအားလုံးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အနိုင်ရတဲ့ ခံစားချက်က အရမ်းကောင်းတယ် မိုင်ယာမီရေ။ ဒီမှာ မနက်(၃)နာရီရှိပြီ။ ဆံပင်တွေကလည်းပွလို့။ အသင်းရဲ့အလံကိုတောင် ဇောက်ထိုးတွေ ကိုင်ထားမိသေးတယ်။ ဒါပေမယ့် အသင်းရဲ့နိုင်ပွဲကြောင့် ဒါတွေကို ဂရုမစိုက်မိဘူး” လို့ပါ ရေးသားဖော်ပြသွားခဲ့ပါတယ်။