MySport Myanmar

အယ်လ်ဟီလာလ်အတွက် (၂)ပွဲဆက်တိုက် ဂိုးမြူးနေတဲ့ ဒါဝင် နူနက်ဇ်

လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ဆော်ဒီကလပ် အယ်လ်ဟီလာလ်အသင်းထံ ရောက်ရှိသွားတဲ့ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ဟာ အသင်းသစ်ကစားသမားဘဝကို ခြေစွမ်းပြ အစပျိုးနိုင်ခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ပွဲဦးထွက် (၂)ပွဲဆက်တိုက်မှာ ဂိုးတွေ သွင်းယူပြနိုင်ခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့သီတင်းပတ်ကမှ လီဗာပူးလ်အသင်းရဲ့ ပေါင် (၅၃)သန်းတန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ဆော်ဒီ ပရိုလိဂ်ထိပ်သီးကလပ်ထံ တရားဝင်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လွန်ခဲ့တဲ့ သုံးနှစ်က သူ့ကို ဘင်ဖီကာအသင်းကနေ ပေါင် (၈၅)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ဖူးပါတယ်။

Photo Credit : Daily Mail

နူနက်ဇ်ဟာ ဂျာမနီနိုင်ငံမှာ ပြုလုပ်နေတဲ့ အယ်လ်ဟီလာလ်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးစခန်းမှာ ဂျာအို ကန်ဆယ်လို၊ သီယို ဟာနန်ဒက်ဇ်နဲ့ အလက်ဇန်းဒါး မီထရိုဗစ်တို့လို ကြယ်ပွင့်ကစားသမားတွေနဲ့အတူ ပူးပေါင်းခဲ့ပြီး တနင်္ဂနွေနေ့က ဆွစ်ကလပ် Aarau ကို ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ သူဟာ လူစားဝင်လာပြီးနောက် မြေမကျကန်ချက်နဲ့ အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အယ်လ်ဟီလာလ်နဲ့အတူ သူ့ရဲ့ကောင်းမွန်တဲ့အစဟာ အဲ့ဒီမှာပဲ မရပ်တန့်ခဲ့ဘဲ ဒီနေ့ မနက်အစောပိုင်းမှာ ဂျာမန်ကလပ် Waldhof Mannheim နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း နောက်ထပ်ဂိုးတစ်ဂိုး ထပ်မံသွင်းယူပြခဲ့ပါတယ်။ လီဗာပူးလ်အတွက် (၁၄၃)ပွဲမှာ ဂိုး(၄၀) သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာ အပြင်းကန်တင်လိုက်တဲ့ ဗော်လီကန်ချက်နဲ့ အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာပါ။

Photo Credit : 433’s X

နူနက်ဇ်ရဲ့ အယ်လ်ဟီလာလ်ကစားသမားဘဝ အဖွင့်ခြေစွမ်းကောင်းတွေဟာ မာဆေးဆိုဒ်မှာရှိစဉ်က သူ့ရဲ့ ဂိုးပေါက်ပျောက်ပြီး ရုန်းကန်ခဲ့ရတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရတဲ့ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ အံ့အားသင့်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူဟာ လီဗာပူးလ်မှာ ကစားခဲ့တဲ့ ရာသီသုံးရာသီအနက် နှစ်ရာသီမှာ ဂိုးသွင်းခွင့်ကောင်းတွေ အများဆုံးလွဲချော်တဲ့ ကစားသမား Top 3 စာရင်းဝင်ခဲ့ပြီး ၂၀၂၂-၂၃ မှာ (၂၁)ကြိမ်၊ နောက်တစ်ရာသီမှာ (၂၇)ကြိမ်အထိ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဖီးလ်ကနေ ထွက်ခွာခါနီး နောက်ဆုံး (၂၂)ပွဲမှာ တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်နည်းပြ အာနီ ဆလော့နဲ့ အသင်းတာဝန်ရှိသူတွေကတော့ သူ့နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ်တစ်ဦးကို အားသွန်ခွန်စိုက် ရှာဖွေနေပါတယ်။ သူတို့ဟာ ဖရန့်ဖတ်ကစားသမား ဟူဂို အီကီတီကီကို ပေါင် (၆၉)သန်းနဲ့ ခေါ်ယူထားပြီးဖြစ်သလို အီကီတီကီကလည်း အသင်းအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းပြထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ဟာ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ကိုလည်း ပစ်မှတ်ထားနေပါတယ်။ နယူးကာဆယ်က ပေါင် သန်း(၁၁၀)တန် ပထမကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် လီဗာပူးလ်ဟာ ပေါင် သန်း(၁၅၀)အထိ တန်ဖိုးရှိနိုင်တဲ့ ဒုတိယကမ်းလှမ်းမှုတစ်ခုကို ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

Exit mobile version