ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဒါဝင် နူနက်ဇ်က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ လီဗာပူးနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေ အားလုံးကို ဖျက်ပစ်လိုက်တာကြောင့် နူနက်ဇ်ဟာ လာမယ့် နွေဈေးကွက်မှာ လီဗာပူးကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘင်ဖီကာ ကနေ လီဗာပူးထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးက ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

ဒါဝင် နူနက်ဇ်က သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၅ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ကြိမ်သာ ရရှိခဲ့ပေမယ့် ဒီရာသီမှာတော့ သွင်းဂိုးတွေ များများစားစား ရှာဖွေထားနိုင်ပြီး သူက ဒီရာသီမှာ လီဗာပူးအတွက် ၁၈ဂိုး သွင်းပေးထားသလို ဂိုးဖန်တီးမှု ၁၃ကြိမ်လည်း ရရှိထားပါတယ်။

ဒါဝင် နူနက်ဇ်က ဒီရာသီမှာ ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ သူဟာ ပွဲထွက်ခွင့်တွေ ရဖို့ ရုန်းကန်နေရပြီး နူနက်ဇ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ၁ပွဲထဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရခဲ့သလို ၅ပွဲပေါင်းမှ ၁၅၆မိနစ်သာ ကစားခွင့် ရခဲ့ပါတယ်။

 

Photo Credit: Standard

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၂ စပါး ပွဲအပြီးမှာတော့ ဒါဝင် နူနက်ဇ်ဟာ ဆိုင်းမဆင့် ဗုံမဆင့်ပဲ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ လီဗာပူးနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေ အားလုံးကို ဖျက်သွားခဲ့ပြီး လီဗာပူးနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေကိုပဲ ရွေးဖျက်ခဲ့တာကြောင့် နူနက်ဇ်ဟာ လီဗာပူးရဲ့ နည်းပြအဖွဲ့ (သို့) တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေကာ လာမယ့် နွေဈေးကွက်မှာ အသင်းပြောင်းတော့မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

လက်ရှိမှာတော့ လီဗာပူးရဲ့ ပရိသတ် အများစုက အသင်းရဲ့ ရလဒ်တွေ ဆိုးဝါးနေချိန်မှာ မေးခွန်းထုတ်စရာကောင်းတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တဲ့ ဒါဝင် နူနက်ဇ်ကို ဝိုင်းဝန်း ဝေဖန်နေကြပြီး ဒါဝင် နူနက်ဇ်က ဘာကြောင့် လီဗာပူးနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်ခဲ့တာလဲ ဆိုတာရဲ့ အဖြေကို မကြာခင်မှာ အတိအကျ သိရနိုင်ပါတယ်။