ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ဖြစ်သလို လက်ရှိမှာ ရံဖန်ရန်ခါ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဒန်နီ ဆင်ဆွန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားဟောင်း ဇာဟာကို အလွတ်နဲ့ ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဇာဟာက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အရည်အသွေးမြင့် တောင်ပံ ကစားသမား တဦး ဖြစ်ပြီး သူနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှာ သက်တမ်း ကုန်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

ခရစ္စတယ် ပဲလေ့စ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ဇာဟာက သူ့ရဲ့ ကစားသမား ဘဝမှာ ခရစ္စတယ် ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းထဲ အတွက်သာ ကစားပေးခဲ့ဖူးသူ ဖြစ်ပြီး သူက ဆယ်ကျော်သက် အရွယ်မှာ ပဲလေ့စ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် ထင်ထားသလို အောင်မြင်မှုတွေတော့ မရခဲ့ပါဘူး။

ဇာဟာက မန်ချက်စတာ ယူနိုက်တက် အတွက် ၂နှစ်တာ ကစားပေးခဲ့ရာ နည်းပြဖြစ်သူ မိုရက်စ်ရဲ့ သမီးနဲ့ အတူ အိပ်မိခဲ့တာကြောင့် မိုရက်စ်နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ပဲ စုစုပေါင်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄ပွဲသာ ကစားခွင့် ရခဲ့ပြီး ပွဲထွက်ခွင့် မရတာကြောင့်ပဲ ဇာဟာက ၂၀၁၅ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ပဲလေ့စ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၃.၈သန်းနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ဆီ ပြန်လည် ပြောင်းရွှေ့ပြီးနောက် ဇာဟာက သူ့ဘဝရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ရရှိခဲ့ပြီး ပဲလေ့စ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ၂၈၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄၂ကြိမ် ရရှိထားပြီး ဇာဟာရဲ့ စွမ်းဆောင်ရည်က ပဲလေ့စ်လို အသင်းငယ် တသင်းမှာ ကစားနေရတဲ့ ကစားသမား တဦး အတွက် မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်မျိုးပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ အီတလီ နာမည်ကြီးကလပ် ဖြစ်တဲ့ ရိုးမား အပါအဝင် တခြား ဥရောပ နာမည်ကြီးအသင်းတွေက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဇာဟာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ရဲ့ ခံစစ်မှူးဟောင်း တဦး ဖြစ်သူ ဒန်နီကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဇာဟာလို အရည်အသွေးမြင့် ကစားသမားကို အလွတ်နဲ့ ရတုန်း ပြန်ခေါ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဒန်နီက – “ကျွန်တော်ကတော့ ဇာဟာဟာ အဓိက ကစားသမား အဖြစ် ကစားခွင့် ရရင် ပိုပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားလို့ ထင်ပါတယ်။ သူက ဆယ်ကျော်သက် ကစားသမား ဘဝမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပေမယ့် အဲ့ဒီ အပြောင်းအရွှေ့က အလုပ်မဖြစ်ခဲ့တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူက တခြား ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ရင် အဓိက ကစားသမား တယောက် အဖြစ် ကစားခွင့် ရမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူ့ကို ယူနိုက်တက်မှာ ပြန်မြင်ချင်ပါတယ်။ တကယ်လို့ ရက်ဖို့ဒ်က အထောင်တိုက်စစ်မှာ ကစားပြီး ဇာဟာကို ဘယ်တောင်ပံမှာ ကစားခိုင်းရင် သူတို့ရဲ့ တိုက်စစ်က ပေါက်ကွဲအား ကောင်းသွားပါလိမ့်မယ်။ ဆာအဲလက်စ် ဖာဂူဆန်က ဇာဟာကို ခေါ်ယူခဲ့တဲ့ နည်းပြပါ။ မိုရက်စ်က ဖာဂူဆန်ရဲ့ နေရာကို အစားဝင်လာချိန်မှာ ဇာဟာက မန်ယူနဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။ ဆာအဲလက်စ်က ဇာဟာကို ခေါ်ယူခဲ့တာဟာ ဇာဟာအနေနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ယူနိုက်တက်က ဇာဟာကို ပြန်ခေါ်သင့်ပါတယ်” လို့ တိုက်တွန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။