ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်တုန်းက စပါးအသင်းကနေ နယူးကာဆဲလ်ယူနိုက်တက်အသင်းဆီ ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန်နောက်ခံအစွန်လူ ဒန်နီရိုစ့်က သူရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စပါးအသင်းရဲ့နည်းပြ ဂျိုဆေးမော်ရင်ဟိုအပေါ် ပြစ်တင်ဝေဖန်သွားခဲ့ပြီး အသင်းကို နည်းပြသစ်အဖြစ် ရောက်လာချိန်ကတည်းက သူ့ကို အခြားစပါးအသင်းဖော်တွေနည်းပါး အခွင့်အရေးတွေ မျှှဝေပေးခဲ့ခြင်းမရှိတာကြောင့် အခုလို အသင်းပြောင်းကစားဖို့အတွက် ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။
Photo Credit : Getty Images
ဘယ်နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ ဒန်နီရိုစ့်ဟာ ဒီနှစ်ဘောလုံးရာသီ အစောပိုင်းကာလ နည်းပြဟောင်း ပိုချက်တီနိုကိုင်တွယ်နေစဉ်တုန်းက အသင်းအတွက် ၁၆ပွဲအထိကို ပါဝင်ကစားခဲ့ရပေမယ့် မော်ရင်ဟို ကိုင်တွယ်လာချိန် နိုဝင်ဘာလနောက်ပိုင်းကာလကတည်းက ဒန်နီရိုစ့်ဟာ စပါးအတွက် ၅ပွဲပဲ ကစားခဲ့ရပါတော့တယ်။ ဒါကြောင့် ရိုစ့်ဟာ နယူးကာဆဲလ်အသင်းကို ၆လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရတာဖြစ်သလို အငှားသက်တမ်း ပြည့်သွားချိန်မှာလည်း စပါးအသင်းဆီကို မပြန်တော့ပဲ နယူးကာဆဲလ်ဆီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
Photo Credit : Chronicle Live
ဒန်နီရိုစ့်က “ကျွန်တော်အနေနဲ့ အခြားအသင်းဖော်တွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့ အခွင့်အရေးတွေ မရခဲ့ဘူးလို့ပဲ ခံစားမိခဲ့ရတယ်။ ကျွန်တော် သူ့အတွက်လည်း မကစားပေးချင်တော့ဘူး။ သူ စပါးအသင်းနဲ့ လက်တွဲပြီး တစ်လအကြာလောက်မှာပဲ ကျွန်တော် အသင်းအတွက် လုံးဝကို ကစားခွင့်မရတော့ဘူး။ ပွဲထွက်ကစားခွင့်မရပဲ သူလိုချင်တဲ့ နည်းစနစ်တွေအောက်မှာ လေ့ကျင့်ခန်းဆင်းနေရတာ အရမ်းခက်ခဲပါတယ်။ ပွဲကစားခွင့်တွေ မရခဲ့ပေမယ့် ကျွန်တော် သူ့အပေါ်မှာတော့ လေးစားမှုအပြည့်ထားပါတယ်။ သူစရောက်လာချိန်ကဆို ချယ်လ်ဆီးနဲ့ စပါးက ၁၂မှတ်အထိကို ကွာဟနေရတာလေ။ အခုဆိုရင် ၄မှတ်ပဲ ကွာပါတော့တယ်။ အရိုးသားဆုံးပြောရရင် စပါးမှာ ကျွန်တော်ကစားခွင့်ရဖို့ အချိန်တိုင်း မျှော်လင့်ခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်၂၉နှစ်အရွှယ် ဒန်နီရိုစ့်ဟာ နော်ဝစ်ချ်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ နယူးကာဆဲလ်အတွက် ပထမဆုံးအကြိမ်အဖြစ် လူစားဝင်ပြီး ပါဝင်ကစားသွားခဲ့ပါတယ်။