တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဒန်နီမာဖီကတော့ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ အာနိုးလ်ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ဘရာဇီးလ် ဂန္တဝင် နောက်ခံလူ ကာဖူးရဲ့ ပြောဆိုချက်ဟာ မဖြစ်နိုင် ကြောင်း ပြောဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် ညာနောက်ခံလူ ဖြစ်တဲ့ ကာဖူးဟာ လီဗာပူးအသင်းရဲ့ နောက်ခံလူ အာနိုးလ်ကို အတော်လေး သဘောကျနေခဲ့ပြီး အာနိုးလ်ဟာ ဘရာဇီးလ်ကစားသမားတွေရဲ့ ကစားပုံကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ကြောင်းနဲ့ တစ်နေ့နေ့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ရယူနိုင်မယ့်သူ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖွင့်ဟ ပြောဆိုထားခဲ့တာပါ။

Photo Credit: Metro

ဒါပေမယ့် မာဖီကတော့ ကာဖူးရဲ့ အဆိုကို ထောက်ခံခဲ့ခြင်း မရှိပဲ အာနိုးလ်ဟာ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်ပေမယ့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ ပြောဆို သွားခဲ့ပါတယ်။ မာဖီဟာ Talksportနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အာနိုးလ်ရဲ့ အကြောင်းကို ပြောဆိုသွားခဲ့တာ ဖြစ်ပြီး အာနိုးလ်ဟာ သွင်းဂိုးတွေ အများကြီး မသွင်းယူနိုင်တာကြောင့် ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ မာဖီက ဆိုသွားခဲ့တာပါ။ ဒါ့အပြင် နောက်တန်း ကစားသမားတွေဟာ ရွှေဘောလုံးဆုကို ရယူနိုင်မယ့် အခွင့်အရေး ရှိလာခဲ့ရင်တောင် အာနိုးလ်ဟာ အသင်းဖော် ခံစစ်မှူးဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ မာဖီက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

အာနိုးလ်တစ်ယောက် ရွှေဘောလုံးဆုကို ရရှိ နိုင်ဖို့ မလွယ်ကူတဲ့ အကြောင်းကို မာဖီက ” အာနိုးလ်ဟာ ရွှေဘောလုံးဆုကို မရယူနိုင်ရင် တောင် လူတွေရဲ့ ချီးကျူးမှုတွေကို ရရှိမယ့် ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ ရွှေဘောလုံးဆုဆိုတာဟာ ပုံမှန်အားဖြင့် စူပါစတား ကစားသမားတွေနဲ့ ဂိုးသွင်းကောင်းတဲ့ ကစားသမားတွေ အတွက်ပဲ ဖြစ်လေ့ရှိပါတယ်။ အာနိုးလ်ကတော့ တကယ့်ကို အရမ်းကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူဟာ ရွှေဘောလုံးဆုကို ရမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ရွှေဘောလုံးဆုကို ရရှိဖို့ဆိုတာဟာ ကွင်းလယ်လူတွေ အတွက်တောင် ခက်ခဲလွန်းတဲ့ အရာတစ်ခုပါ။ အာနိုးလ်ဟာ ကွင်းလယ်ကနေ ဂိုးသွင်းယူတာတွေ ၊ ပြစ်ဒဏ်ဘောတွေကနေ ဂိုးသွင်းယူတာတွေကို လုပ်နိုင်စွမ်းရှိတဲ့ ကစားသမားဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်က ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ဖို့အတွက် လုံလောက်တဲ့ အရာတစ်ခု ဖြစ်လာနိုင်မလား…။ လူကာ(မိုဒရစ်)က တစ်ကြိမ်ရခဲ့ပါတယ်။ ဒါ့ကြောင့် အာနိုးလ်ဟာလည်း ရရှိနိုင်တဲ့သူလို့ ခင်ဗျားပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အဲ့ဒီလို မထင်ပါဘူး ” လို့ သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့တာပါ။