MySport Myanmar

ဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားသင့်တယ်လို့ ဒန်နီမာဖီ အကြံပြု

အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ဒန်နီမာဖီက မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားပြီး သူ့နေရာမှာ ခရစ္စတီယန်အဲရစ်ဆင်ကိုသာ အစားထိုး အသုံးပြုသွားသင့်တယ်လို့ အကြံပြု ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို စတင် ရောက်ရှိလာချိန်က သူရဲ့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေဟာ အသင်းအတွက် အတော်လေးကို အကျိုးပြုခဲ့ပြီး အချိန်တိုလေးအတွင်းမှာပဲ ယူနိုက်တက်ရဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကနေ လက်ရှိအချိန်ထိ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာ ကျဆင်းလာခဲ့ရပြီး ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း ပရီးမီးယားလိဂ် (၉)ပွဲကစားအပြီး သွင်းဂိုး(၁)ဂိုး ဂိုးဖန်တီးမှု (၁)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဖာနန်ဒက်စ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုပွဲတွေအားလုံး ပါဝင်ကစားထားခဲ့သလို (၁)ဂိုးတည်းသာ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ကျဆင်းလို့နေတဲ့ ဖာနန်ဒက်စ်ထက် အဲရစ်ဆင် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန် ဖာနန်ဒက်စ်ကို လူစာရင်းကနေ ခဏအောက်ထားပြီး အဲရစ်ဆင်ကိုသာ ပိုမို နေရာပေးသင့်တယ်လို့ လီဗာပူးလ် ကစားသမားဟောင်းကြီး မာဖီက အကြံပြုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ လက်ရှိ form နဲ့ ပတ်သတ်ပြီး မာဖီက “ဒါဟာ သူတို့ရဲ့ ဖန်တီးမှု အရှိဆုံး ကစားသမားတွေထဲက တစ်ယောက် ဂိုးပါဝင်ပတ်သတ်မှု လျော့နည်းလာရခြင်းဟာ တကယ့်ကို စိုးရိမ်စရာပါ။ အဲရစ်ဆင် ပြန်လာတဲ့အခါကျရင် အဲရစ်အနေနဲ့ ဘရူနိုကို ခဏလောက် လူစာရင်းကနေ ချန်လှပ်ထားသင့်ပြီး အဲရစ်ဆင်ကို ပို နေရာပေးသင့်တယ်” လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ဒီနှစ် နွေဈေးကွက်ကမှ ဘရန့်ဖို့ဒ်ကနေ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ လက်ရှ်ိမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရပေမယ့် ဒီရာသီအတွင်းမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၂)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၃)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။

Exit mobile version