မန်စီးတီးအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဒန်နီ မီးလ်က လီဗာပူးလ်အသင်းအနေနဲ့ မန်စီးတီး တောင်ပံ ကစားသမား ဆာနေးကို ခေါ်ယူချင်တယ် ဆိုရင် ဆာနေးအနေနဲ့ မန်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းလိမ့်မယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဆာနေးဟာ မန်စီးတီးအသင်းမှာ ကွင်းလယ်အဖြတ်နေရာ နဲ့ တောင်ပံနေရာမှာ ကစားနေပြီး ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းနဲ့ စာချုပ် (၁) နှစ်သာ ကျန်တော့တာကြောင့် မန်စီးတီးအသင်းမှာ ဆက်နေမလား၊ ထွက်သွားမလား ဆိုတာ ရွေးချယ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit: Dailymail

မန်စီးတီး တောင်ပံလူ ဆာနေးဟာ မန်စီးတီးအသင်းအတွက် (၄) နှစ်ကြာ ကစားခဲ့ပြီ ဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၃၄) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃၉) ဂိုး အထိကို သွင်းယူထားတာကြောင့် မန်စီးတီးအသင်းအတွက် အဓိက ကစားသမား ဖြစ်လာနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဆာနေးကို ပြိုင်ဘက် ဖြစ်တဲ့ လီဗာပူးလ်အသင်းကို ရောင်းဖို့ မဖြစ်နိုင်ချေ များနေပေမယ့်လည်း မန်စီးတီးအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဒန်နီ မီးလ်က လီဗာပူးလ်အသင်းကသာ စိတ်ဝင်စားလာမယ် ဆိုရင် ရောင်းသွားနိုင်တယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Dailymail

Football Insider မှာ ဒန်နီ မီးလ်က “ကလပ်အသင်းတွေက သူတို့ရဲ့ ပြိုက်ဘက်အသင်းတွေကို သူတို့ရဲ့ ကစားသမားတွေ မရောင်းချင်ကြဘူး။ ဒါကို သာမန်အားဖြင့် အကြီးမားဆုံး ပြဿနာလို့ ပြောနိုင်ပါတယ်။ တကယ်လို့ လီဗာပူးလ်အသင်းကသာ ဆာနေးကို ခေါ်ယူချင်တယ် ဆိုရင်တော့ ဆာနေးက အခွင့်အရေးကို အသုံးချပြီး လီဗာပူးလ်အသင်းကို ပြောင်းမှာပါ။ ဘာလို့ သူ့ အနေနဲ့ မပြောင်းရမှာလဲ။ အခြား ကစားသမားတွေဟာ အခုလို အပြောင်းအရွေ့ထက် ပို ဆိုးတာမျိုးကို ပြုလုပ်ခဲ့ကြတာ ကျွန်တော်တို့ မြင်ခဲ့ကြတာပါပဲလေ။ မန်ယူအသင်း နဲ့ လီဗာပူးလ်အသင်းတို့က ပြိုင်ဘက် မဟုတ်ဘူး။ ဒါမှမဟုတ် လိဒ်အသင်း နဲ့ မန်ယူအသင်းက ပြိုင်ဘက်မဟုတ်ကြပါဘူး။ ပြိုင်ဘက် ဆိုတာ အဲဒီလောက် မရိုးရှင်းနိုင်ပါဘူး”လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။