မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ဒန်နီမေးလ်က ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူဟာ လာမယ့်နွေရာသီမှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး သူရဲ့နည်းပြဟောင်း အန်တိုနီယိုကွန်တီရှိရာ တော့တင်ဟမ်စပါးအသင်းဆီကို ပြောင်းရွှေ့သွားနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

အသက်(၂၈)နှစ်အရွှယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ပြီးခဲ့တဲ့ နွေကမှ အင်တာမီလန်ကနေ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဟောင်းကို ရောက်ရှိလာပြီးကတည်းက ခုထိ အရမ်း အထိုင်မကျသေးသလို လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ကွင်းပြင်ပ ပြသာနာတွေကြောင့်ပါ ဒီနှစ်ရာသီအကုန်မှာပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒန်နီမေးလ်က စပါးအသင်းနည်းပြ ကွန်တီအနေနဲ့ ဟာရီကိန်းကိုသာ အသင်းကနေ လက်လွတ်ရမယ်ဆိုရင် ကိန်းရဲ့နေရာအတွက် လူကာကူနဲ့ ပြန်လည်အစားထိုးလာနိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FotMob

ဒန်နီမေးလ်က “ကီလီယန်အမ်ဘာပေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပတ်ကလည်း သူအနေနဲ့ အထောင် တိုက်စစ်မှူးတစ်ဦး လိုချတယ်လို့ ပြောထားပါတယ်။ အဲ့ဒီအချိန်မှာ ကိန်းကို ရနိုင်လို့ ကိန်းက ထွက်ခွာသွားတယ်ပဲ ဆိုကြပါစို့။ ဒါဆိုရင် ကွန်တီက လူကာကူကို လိုချင်လာလိမ့်မယ်။ ဒီလို ဖြစ်လာဖို့ဆိုတာက နည်းနည်း အလှမ်းဝေးနေပုံရပေမယ့် လူကာကူက ချယ်လ်ဆီးမှာ မပျော်ရွှင်နေပါဘူး။ သူတို့အသင်းမှာကလည်း ပြသာနာတွေ အများအပြား ရှိနေပါတယ်။ ပြီးတော့ သူ ကွန်တီကို ချစ်မြတ်နိုးတယ်။ ကွန်တီကလည်း လူကာကူ ဘယ်လောက် ကောင်းကောင်းကစားနိုင်တယ်ဆိုတာ သိထားသလို သူ့ဆီကနေပါ အကောင်းဆုံးတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါ သိထားပါတယ် ဒါသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ စပါးအသင်းအတွက် တကယ့်ကို ထူးခြားတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားက ကိန်းကို ဆုံးရှုံးရအပြီး သူ့နေရာမှာ လူကာကူနဲ့ ပြန်အစားထိုးလိုက်မယ်ဆိုရင် ခင်ဗျားက အသင်းပရိသတ်တွေကို အနည်းငယ် နှစ်သိမ့်ပေးနိုင်သလို ဖြစ်လာပြီးတော့ လူတိုင်းကလည်း သဘောကျပါလိမ့်မယ်။ ကွန်တီ စပါးမှာ ဆက်ရှိနေသမျှ ဒါက ဖြစ်နိုင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။