MySport Myanmar

ဝက်စ်ဟမ်း ကစားသမားသစ် ဖြစ်လာတော့မယ့် တိုက်စစ်မှူး ဒန်နီအင့်စ်

အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဒင်နီအင့်စ်ဟာ မကြာခင်မှာပဲ ဗီလာအသင်းကနေ ဝက်စ်ဟမ်းယူနိုက်တက်ဒ်အသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်(၁၂)သန်းနဲ့ ပြောင်းရွေ့သွားတော့မှာ ဖြစ်တယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဒန်နီအင့်စ်ဟာ ၂၀၂၁ခုနှစ် နွေဈေးကွက်ထဲက ဗီလာအသင်းဆီကို (၃)နှစ်စာချုပ်နဲ့ ရောက်ရှိနေခဲ့ပေမဲ့ ဒီရာသီအတွင်း ပရီးမီးယားလိဂ် (၁၈)ပွဲ ပါဝင်ထားခဲ့ရာ အဲ့ဒီထဲကမှ (၉)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရသလို ဗီလာကလည်း မကြာသေးခင်ကပဲ ကိုလံဘီယာ တိုက်စစ်မှူးလေး ဒူအန်ကိုပါ ချီကာဂိုဖိုင်းယားအသင်းကနေ ခေါ်ယူထားခဲ့တာဖြစ်လို့ အင့်စ်ရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒီအချိန်မှာ ဝက်စ်ဟမ်းအသင်းက ဒင်နီအင့်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီး သိပ်မကြာခင်မှာပဲ အင့်စ်ဟာလည်း ဝက်စ်ဟမ်း ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

Photo Credit : The Telegraph

ဘုန်းမောက်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဒင်နီအင့်စ်ဟာ ၂၀၁၁ခုနှစ်မှာ ဘန်လေကို ရောက်ရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာပဲ သူရဲ့သွင်းဂိုးတွေနဲ့အတူ ဘန်လေကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။ သူရဲ့ ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီမှာလည်း (၁၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အင့်စ်ကို ၂၀၁၅ခုနှစ် နွေရာသီမှာပဲ လီဗာပူးလ်အသင်းက ခေါ်ယူခဲ့ပေမဲ့ ဒဏ်ရာပြသာနာတွေကြောင့် ပုံမှန် ကစားခွင့်ပါ ပျောက်ဆုံးလာခဲ့ရင်း ဆောက်သမ်တန်အသင်းဆီ ပြောင်းရွေ့သွားခဲ့ရပါတယ်။ ၂၀၁၉-၂၀၁၈ ဘောလုံးရာသီမှာ ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၂)ဂိုးထိတောင် သွင်းယူနိုင်ခဲ့တဲ့ အင့်စ်ကို သူ့အသင်းဟောင်း လီဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကပါ စိတ်ဝင်စားလာခဲ့ရင်း ၂၀၂၁ခုနှစ်မှာ ဗီလာကို ရောက်ရှိသွားခဲ့ပါတယ်။ အခုတော့ ဒန်နီအင့်စ်ဟာ ဗီလာကနေ ဝက်စ်ဟမ်းအသင်းဆီ အခု ဈေးကွက်ထဲမှာပဲ ပြောင်းရွေ့ကြေး ပေါင်(၁၂)သန်းနဲ့ ထပ်မံ ပြောင်းရွေ့ဖို့က အလွန်ကို နီးစပ်နေပြီဖြစ်ပြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ကစားသမားကိုယ်တိုင်က ဝက်စ်ဟမ်းကို ပြောင်းရွေ့ဖို့ ဆန္ဒရှိနေတာကြောင့် ဗီလာနဲ့ပါ သဘောတူညီမှု ထပ်မံရရှိအောင် ဒီကနေ့မှာပဲ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Exit mobile version