ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ ဒန်နီရယ်စတာရစ်ချ်ဟာ ၂၀၂ဝခုနှစ် မတ်လ(၂)ရက်နေ့ကတည်းက အခုချိန်ထိကို အသင်းလက်မဲ့ Free Agent ကစားသမားတစ်ယောက် ဖြစ်နေရပေမယ့် လတ်တလောမှာတော့ စတာရစ်ချ်က စပိန်လာလီဂါကလပ် မာယော့ကာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေသလို အသင်းရဲ့ ခြေစမ်းပွဲငယ်တစ်ခုမှာလည်း ဝင်ရောက်ကစားခဲ့ပြီး သွင်းဂိုးပါ သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Bein Sports

အသက်(၃၂)နှစ်အရွှယ်ရှိ အင်္ဂလန်ကစားသမား စတာရစ်ချ်ဟာ ကိုဗင်ထရီ လူငယ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ မန်စီးတီး ချယ်လ်ဆီး လီဗာပူးလ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးသလို နောက်ဆုံးမှာတော့ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီ ရောက်ရှိခဲ့ကာ တစ်ရာသီအကြာမှာပဲ အသင်းနဲ့ လမ်းခွဲဲခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ တိုက်စစ်မှူး စတာရစ်ချ်ဟာ လတ်တလောမှာတော့ လာလီဂါကလပ် မာယော့ကာအသင်းနဲ့ လေ့ကျင့်ခန်းတွေ ဆင်းလျက်ရှိနေပြီး မကြာခင်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကိုလည်း ပြန်လည်ဝင်ရောက်ဖွယ် ရှိနေပါတယ်။

Photo Credit : Eurosport

မာယော့ကာမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ စတာရစ်ချ်ဟာ တံခါးပိတ် ကျင်းပခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း သွင်းဂိုး သွင်းယူမှုပါ ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ သူရဲ့လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး စတာရစ်ချ်က “ဂိုးတွေ သွင်းယူရတာထက် ပိုကောင်းမွန်တဲ့ စိတ်ခံစားချက်ဆိုတာ မရှိတော့ပါဘူး။ ကျွန်တော် ဒီနေ့ကစားခဲ့ရတဲ့ တံခါးပိတ်မျိုးပဲ ဖြစ်နေပါစေ ဘယ်လိုပွဲမှာပဲဖြစ်ဖြစ် သွင်းဂိုးသွင်းယူရတဲ့ ခံစားချက်ကတော့ တကယ်မိုက်တယ်။ တစ်နေ့ပြီးတစ်နေ့ စိတ်ခံစားချက်တွေက ပိုပိုကောင်းလာတယ်။ သင့်လျော်တဲ့ ပြိုင်ပွဲမျိုးကို ဝင်ရောက်ကစားနိုင်မယ့် အချိန်ရောက်လာဖို့ မစောင့်ဆိုင်းတော့ပါဘူး။ အဲ့ဒီအချိန်ကျရင် ကျွန်တော်ရဲ့ အရည်အချင်းတွေကို တစ်ကမ္ဘာလုံးသိအောင် ချပြသွားချင်ပါတယ်။ ဘုရားရှင် ကောင်းချီးပေးပါစေ” လို့ ပြောဆိုသွားခဲ့ပါတယ်။ စတာရစ်ချ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်တွေကို ယှဉ်ပြိုင်မကစားရတာက (၁၈)လဝန်းကျင်လောက်ကို ရှိလို့နေပြီ ဖြစ်ပေမယ့် သူရဲ့ခြေစွမ်းပိုင်းအပေါ် ယုံကြည်လျက်ရှိနေပြီး မကြာခင်မှာပဲ ကလပ်အသင်းသစ် တစ်သင်းနဲ့အတူ ဘောလုံးလောကထဲကို ပြန်လည်ခြေချလာဖွယ် ရှိနေပါတယ်။