ကမ္ဘာပေါ်မှာ နာမည်ကြီး APP တခုဖြစ်တဲ့ Spotifyကို ပိုင်ဆိုင်တဲ့ ဘီလီယံနာ ဒန်နီရယ်အက်ဂ်ကတော့ သူ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ အတွက် အဆင်သင့် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာသာမက ကမ္ဘာပေါ်မှာပါ ပရိသတ် အခိုင်အမာကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အသင်းကို လက်ရှိမှာ အမေရိကန် သူဌေးမိသားစု ဖြစ်တဲ့ ခရွန်ကီမိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး အာဆင်နယ်အသင်းကို အားပေးတဲ့ ပရိသတ်တွေ ကတော့ သူတို့အသင်းကို ခရွန်ကီမိသားစုက ထိန်းချုပ်နေတာနဲ့ ပတ်သတ်ကာ မကျေမနပ် ဖြစ်နေကြပါတယ်။

Photo Credit: Standard

အာဆင်နယ်အသင်းဟာ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အသင်းကို ခရွန်ကီမိသားစုက ပိုင်ဆိုင်ပြီးနောက် အသင်းရဲ့ အခြေအနေဟာ တစ်စထက်တစ်စ ဆိုးရွားလာခဲ့ကာ ပရီးမီးယားလိဂ်ဖလားကို မရရှိတာဟာ နှစ်ပေါင်း ၂၀နီးပါး ရှိလာခဲ့ပါပြီ။ ထို့အပြင် ခရွန်ကီမိသားစုဟာ အာဆင်နယ်အသင်းဆီကို ထိုက်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခဲ့ပဲ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို တစ်ယောက်ပြီး တစ်ယောက် ရောင်းချကာ အသင်းရဲ့ နှစ်စဉ် အမြတ်ငွေတွေကို သဲ့ယူခဲ့ကြပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ လက်ရှိမှာ ခရွန်ကီမိသားစုကို အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့တဲ့ ဒန်နီရယ်အက်ဂ်ကတော့ အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံနီးပါး ကြွယ်ဝချမ်းသာသူ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ တန်ကြေးဟာ လက်ရှိအချိန်မှာ ဒေါ်လာ ၃ဘီလီယံခန့်သာ ရှိတာကြောင့် သူဟာ အာဆင်နယ်အသင်းကို ဝယ်ယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အာဆင်နယ်အသင်းကို ဝယ်ယူချင်တဲ့ အကြောင်းကို ဒန်နီရယ်အက်ဂ်က – “ကျွန်တော် မှတ်မိစအရွယ်ထဲက အာဆင်နယ်အသင်းကို အားပေးရင်း ကြီးပျင်းလာခဲ့တာပါ။ တကယ်လို့ ခရွန်ကီမိသားစုကသာ အာဆင်နယ်ကို ရောင်းချဖို့ ဆန္ဒရှိရင် ကျွန်တော်က ပျော်ပျော်ကြီး ဝယ်မှာပါ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသား ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ခရွန်ကီရဲ့ သားဖြစ်သူ ဂျို့ရှ်ခရွန်ကီက သူတို့မိသားစုဟာ အာဆင်နယ်အသင်းကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း ပြောဆိုထားတာကြောင့် ဒန်နီရယ်အက်ဂ်အနေနဲ့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ခက်ခဲနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။