ဘောလုံးသမားတစ်ယောက်က ကလပ်အသင်းတစ်သင်းတည်းမှာ နှစ်ပေါင်း(၂၀)လောက်အထိကို ပါဝင်ကစားဖို့ဆိုတာ ဒီဘက်ခေတ် ဘောလုံးနယ်ပယ်အတွင်းမှာဆိုရင်တော့ ဖြစ်နိုင်ခြေက အရမ်းနည်းပါတယ်။ ကစားသမားတွေက အသင်းအပေါ် ရေရှည်သစ္စာစောင့်တည်နိုင်ဖို့ထက်စာရင် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့နဲ့ ဝင်ငွေတွေကို ပိုမိုအလိုရှိနေတာကြောင့် အသင်းအပြောင်းအရွှေ့တွေကို လုပ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ယခင်တုန်းက ကစားသမားတွေကတော့ သူတို့ရဲ့စီနီယာကစားသမားဘဝကို စတင်ခဲဲ့တဲ့ အသင်းတွေမှာပဲ ဘောလုံးသမားဘဝ ကုန်ဆုံးချိန်အထိ အသင်းပေါ် သစ္စာရှိရှိနဲ့ကို ပေးဆပ်ကစားခဲ့ကြပါတယ်။

Photo Credit : The Sun

ဒီကစားသမားတွေထဲမှာတော့ တော့တီ ရိုင်ယန်ဂစ် စတီဗင်ဂျရတ်တို့လို ကစားသမားတွေ ပါဝင်နေပြီး တချို့ကစားသမားတွေကလည်း အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ကြပေမယ့် ကစားသမားဘဝ အဆုံးမသတ်ခင် အသင်းတစ်သင်းနှစ်သင်းခန့်ဆီကို ပြောင်းလဲကစားတတ်ကြပါတယ်။ ဒီလို ကစားသမားတွေထဲမှာ ရိုးမားအသင်းရဲ့ ဝါရင့်ကစားသမားဟောင်းကြီး ဒီရော့စီလည်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ ဒီရော့စီဟာ ရိုးမားအသင်းမှာ အနှစ်(၂၀)ကြာအောင် ပါဝင်ကစားခဲ့တဲ့ အမာခံကွင်းလယ်လူတစ်ယောက်ဖြစ်သလို ကစားသမားဘဝကို အဆုံးမသတ်ခင်ကလည်း ဘိုကာဂျူနီယာအသင်းမှာ ကစားခဲ့ပါသေးတယ်။

Photo Credit : The Sun

အသက်(၃၆)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင်ဟောင်း ဒီရော့စီဟာ သူရဲ့ကစားသမားဘဝတလျှောက် ရိုးမားအသင်းအတွက်ကိုပဲ ပေးဆပ်ကစားခဲ့တာဖြစ်ပြီး ဥရောပအသင်းပေါင်းများစွာရဲ့ ကမ်းလှမ်းမှုတိုင်းကို ပယ်ချဖြစ်ခဲ့ပါတယ်။ ဒီလို ကမ်းလှမ်းမှုတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်လို့နေပြီး ယူနိုက်တက်ဘက်ကနေ ကမ်းလှမ်းခဲ့တဲ့အပေါ်မှာတော့ သူ့ဘက်ကနေ ငြင်းဆန်ခဲ့တယ်လို့ ဒီရော့စီက ဆိုပါတယ်။ ဒီရော့စီက “ကျွန်တော် ယူနိုက်တက်အသင်းမှာ ပါဝင်ကစားဖို့ အရမ်းကို ဆန္ဒရှိခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ဒီအသင်းကို အားပေးလာခဲ့လို့ပါ။ ဒါပေမယ့် ယူနိုက်တက်အသင်းကို ငြင်းဆန်ခဲ့တာကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အသင်းရဲ့ ကွင်းလယ်မှာက ရွိုင်းကိန်းတို့ ပေါလ်စခိုးတို့လို ကစားသမားကောင်းတွေ ရှိနေလို့ပါ” လို့ ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။ ဒီရော့စီဟာ ရိုးမားအသင်းအတွက် ပွဲပေါင်း(၆၀၀)ကျော်လောက်အထိကို ပါဝင်ကစားထားခဲ့သူလည်းဖြစ်ပါတယ်။