ဘာစီလိုနာအသင်းရဲ့ ညာနောက်ခံကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒင်နီအဲလ်ဗက်စ်က သူအနေနဲ့ ဘာစီလိုနာကို အရမ်းချစ်မြတ်နိုးလွန်းလို့ ဂျုဗင်တပ်စ်ကနေ ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခင်စပ်ကြား သူရဲ့အသင်းဟောင်း ဘာစီလိုနာဆီကို ပြန်လာဖို့အတွက် သူကိုယ်တိုင် အသင်းဘက်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့တာဝန်ရှိသူတွေက သူ့လို ကစားသမားမျိုးကို အသင်းကနေ စွန့်လွှတ်မိခဲ့တဲ့အပေါ် နောင်တရခြင်းမရှိပဲ ပြန်လည်ခေါ်ယူဖို့ကိုပါ မလုပ်ဆောင်ခဲ့တာကြောင့် အသင်းဆီ ပြန်မလာနိုင်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : These Football Times

အသက်(၃၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘရာဇီးအသင်းရဲ့ လက်ရွေးစင်ကစားသမားဟောင်းကြီး ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး သွင်းဂိုး(၂၁)ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပေါင်း (၁၀၁)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် စပိန်လာလီဂါဖလား (၆)ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ဆုဖလားအရေအတွက်ပေါင်း(၂၃)လုံးအထိ ရယူနိုင်ခဲ့ကာ သူကိုယ်တိုင်ကလည်း ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit : Sky Sports

အဲ့ဒီနောက်ပိုင်းမှာတော့ အဲလ်ဗက်စ်ဟာ Free Agent အဖြစ်နဲ့ ဂျုဗင်တပ်စ် ပီအက်စ်ဂျီအသင်းတွေမှာ ဆက်တိုက်ကစားခဲ့ရကာ သူရဲ့အကောင်းဆုံးပုံစံတွေကိုလည်း ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲပြီးနောက်မှာ အဲလ်ဗက်စ်က အသင်းဟောင်းဘာစီလိုနာဆီ ပြန်သွားဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရှိခဲ့တဲ့အပေါ် အသင်းတာဝန်ရှိသူတွေကို ဝေဖန်သွားခဲ့ပါတယ်။ အဲလ်ဗက်စ် “ဘာစီလိုနာအသင်းဆီကို ပြန်သွားဖို့အတွက် အသင်းဘက်ကို ကျွန်တော်ကိုယ်တိုင်က တောင်းဆိုခဲ့တာ။ ကျွန်တော် ပုံမှန်ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်သေးတယ်ဆိုတာကိုလည်း ဂျုဗင်တပ်စ်အသင်းနဲ့အတူ သက်သေပြခဲ့ပြီးပြီလေ။ ဒါကြောင့် ကျွန်တော် ဘာစီလိုနာဆီ ပြန်သွားချင်ခဲ့တယ်။ သူတို့ကလည်း ကျွန်တော့်ကို လိုအပ်နေတယ်။ ဒါပေမယ့် သူတို့ကျွန်တော့်ကို အသင်းကနေ ထုတ်လိုက်မိတဲ့အပေါ် မှားယွင်းခဲ့တယ်ဆိုတာကို နောင်တရသလို မခံစားမိခဲ့ဘူး။ ဒီနေ့ဒီချိန်ထိလည်း ကျွန်တော် ဒီအသင်းမှာ ပါဝင်ကစားချင်နေတုန်းပါပဲ။ ဒီအသင်းကို ကျွန်တော် အရမ်းချစ်မြတ်နိုးပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ လက်ရှိမှာတော့ သူရဲ့မွေးရပ်မြေ ဘရာဇီးနိုင်ငံက ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆော်ပေါ်လိုအသင်းမှာ ပါဝင်ကစားနေပြီး ဘောလုံးသမားဘဝကနေ အနားယူသွားဖွယ်တော့ မရှိသေးပဲ နောက်နှစ်အနည်းငယ်လောက် ဆက်လက်ကစားဖွယ် ရှိနေပါတယ်။