ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းကြီး ဒန်နီအဲလ်ဗက်စ်က ဘာစီလိုနာ-ရီးယဲလ်မက်ဒရစ်တို့ရဲ့ အယ်လ်ဂလက်စီကိုဒါဘီပွဲအတွင်း သူနဲ့ မကြာခဏ ထိပ်တိုက် ရင်ဆိုင်ရတတ်တဲ့ ပြိုင်ဘက်ဟောင်းကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ သူရဲ့ပြိုင်ဘက်ဟောင်းတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း သူရဲ့ ကြိုးစားအားထုတ်မှုကို နှစ်သက်မိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Dani Alves and Cristiano Ronaldo came up against each other in many El Clasicos

Photo Credit : The Sun

ဘရာဇီးလ် ဝါရင့်ကစားသမားကြီး အဲလ်ဗက်စ်နဲ့ ပေါ်တူဂီ ဝါရင့် စူပါစတားကြီး ရော်နယ်လ်ဒိုတို့နှစ်ဦးဟာ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတွေမှာ ပါဝင်ခဲ့စဉ်တုန်းက ပြိုင်ဘက်တွေအဖြစ် ခဏခဏ ရင်ဆိုင်ခဲ့ကြပြီး နှစ်ဦးကြားက အားပြိုင်မှုက ပြင်းထန်မှုတွေပါ ရှိခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကစားသမားနှစ်ယောက်လုံးက အခါးသီးဆုံးပြိုင်ဘက်တွေအဖြစ် ဆက်လက် မရှိနေတော့ချိန်မှာ အဲလ်ဗက်စ်က သူ့ပြိုင်ဘက်ဟောင်းကြီး ရော်နယ်လ်ဒိုနဲ့ ယှဉ်ပြိုင်ခဲ့ရချိန်မှာတောင် ရော်နယ်လ်ဒိုကို နှစ်သက် သဘောကျမိခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

Dani Alves reveals he 'loves' Cristiano Ronaldo

Photo Credit : 90Min

ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး အဲလ်ဗက်စ်က “ကျွန်တော် ခရစ္စတီယာနိုကို သဘောကျမိတယ်။ အခု ကျွန်တော်တို့က ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့မှာ မရှိကြတော့ဘူးဆိုတော့ အခုလို ပြောလို့ရပြီပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလို ထုတ်မပြောပဲ အမြဲတမ်း နေနိုင်မယ်လို့လည်း မထင်ဘူး။ ခရစ္စတီယာနိုဆိုတာက အရည်အသွေးတွေ ဘောလုံးပါရမီတွေ များများစားစား မရှိရင်တောင် အလုပ်ကို အပြင်းအထန် ကြိုးစားလုပ်ကိုင်ရင်းနဲ့ အကောင်းဆုံးတွေနဲ့ ယှဉ်ပြိုင်နိုင်လာတယ်၊ ကိုယ်တိုင်လည်း အကောင်းဆုံးတွေထဲက တစ်ဦးတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့သူ။ ကျွန်တော် သူ့ကို အများကြီး လေးစားမိတယ်။ ဒါကိုလည်း ထုတ်ပြောဖို့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ အလုပ်အပေါ် အခြေခံပြီး အရာရာကို အောင်မြင်အောင် လုပ်ဆောင်နေတဲ့ သူတစ်ယောက်ကို ကျွန်တော် ဘယ်လိုမှ မလေးစာပဲ မနေနိုင်ပါဘူး။ ကျွန်တော် သူအပါအဝင် အားလုံးကို နှုတ်ဆက်နိုင်ပေမယ့် ဘာစီလိုနာ-ရီးယဲလ်ဆိုတဲ့ ပြိုင်ဆိုင်မှုကနေ ဖြစ်ပေါ်လာတဲ့ အရာတွေကြောင့် သူကတော့ ကျွန်တော့်ကို မနှုတ်ဆက်နိုင်ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ညာနောက်ခံကစားသမားကြီး အဲလ်ဗက်စ်ဟာ မက္ကဆီကိုကလပ် Club Universidad Nacional အသင်းမှာ ပါဝင်ကစားနေလျက် ရှိပါတယ်။