နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ကလပ်အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးအပြင် မဖြစ်စလောက် လုပ်ခလစာသာ ရယူပြီး ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်ဝါရင့် ညာနောက်ခံကစားသမားကြီး ဒန်နီအဲလ်ဗက်စ်က သူနဲ့ ဘာစီလိုနာမှာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့တဲ့ ဇာဗီဟာနန်ဒက်ဇ်နဲ့ မြန်လည်လက်တွဲပြီး အသင်းမှာ ပါဝင်ရတော့မယ့်အရေးအတွက် စိတ်လှုပ်ရှားနေပြီလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၈)နှစ်အရွှယ်ရှိ ဘရာဇီးလ်ဝါရင့် နောက်ခံအစွန်လူကြီး အဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းနဲ့လည်း ဆုဖလားအောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးနောက်မှာ အဲလ်ဗက်စ်ဟာ ပီအက်စ်ဂျီ ဂျုဗင်တပ်စ်နဲ့ ဘရာဇီးလ်က ဆော်ပေါ်လိုအသင်းတွေကို ဆက်တိုက်ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၁ခုနှစ် စက်တင်ဘာလထဲမှာပဲ ဆော်ပေါ်လိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ(၁၂)ရက်နေ့မှာပဲ သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး လာမယ့် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ အသင်းအတွက် စတင်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : FC Barcelona

အခုလို ကလပ်အသင်းဟောင်းဆီ ပြန်လည်ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အဲလ်ဗက်စ်က “ကျွန်တော် အခုထိကို အံ့သြနေရတုန်းပါပဲ။ ကျွန်တော် လူသိရှင်ကြား ပြောဆိုခဲ့သလိုပဲ ဒီနေရာကို ပြန်လည်ရောက်လာနိုင်ဖို့အတွက် ဟိုးအချိန်တွေကတည်းက ကြိုးစားခဲ့ရတာ။ ဒီကို ပြန်လာဖို့ (၂)ကြိမ်တိုင်တိုင်လောက် ကြိုးစားခဲ့ပေမယ့်လည်း ဖြစ်ပေါ်လာနိုင်ခြင်းတော့ မရှိခဲ့ဘူး။ အခုတော့ ကျွန်တော်နဲ့ ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ ကျွန်တော်နဲ့ သိကျွမ်းထားသူတွေနဲ့ ပြန်လည်လက်တွဲပြီး အလုပ်တွေ လုပ်ကိုင်ရတော့မယ်ဆိုတာ ပျော်ရွှင်စရာ အခွင့်ထူးပါပဲ။ ကျွန်တော် အမြဲပြောဖူးပါတယ်။ ကျွန်တော်ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်တာတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် စူပါဟီးရိုးတစ်ယောက်လို့ ခံစားစေရတဲ့ ဂျာစီ(၂)မျိုး ရှိတယ်ဆိုတာ။ အဲ့ဒါ ဘရာဇီးလ်ဂျာစီနဲ့ ဘာစီလိုနာဂျာစီတို့ပါပဲ။ ဒီဂျာစီတွေကို ဝတ်ဆင်ထားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ခွန်အားတွေ တိုးလာသလို ခံစားရတယ်။ ဒီလို ဖြစ်လာသမျှ ခွန်အားတွေကိုလည်း အသင်းဖော်တွေဆီပါ ပို့ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်လာတယ်။ ကျွန်တော် ဘောလုံးသမား အမှတ်တရကောင်းတွေက ဘာစီလိုနာအသင်းမှာပဲ ဖြစ်ပေါ်ခဲ့တာပါ။ ကျွန်တော့်အိမ်က ဘာစီလိုနာမှာ ရှိနေခဲ့တာ။ ငါရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေကလည်း ဒီမှာပဲ ရှိနေတာဆိုတော့ ဒီကို ပြန်လည်ရောက်လာဖို့ဆိုတာက မလွဲမသွေကို ဖြစ်လာရတာပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။