MySport Myanmar

ဘာစီလိုနာက အသင်းမှာ သမိုင်းရေးထိုးပေးခဲ့တဲ့ ကစားသမားတွေကို ဂရုမစိုက်ဘူးလို့ အဲလ်ဗက်စ် ဝေဖန်

ဘာစီလိုနာအသင်းကနေ ဒုတိယမြောက်အဖြစ် ပြန်လည်လမ်းခွဲလာခဲ့ရတဲ့ ဘရာဇီးလ် ဝါရင့်နောက်ခံကစားသမားကြီး ဒန်နီအဲလ်ဗက်စ်က သူ့အနေနဲ့ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းခွင့် ရရှိခဲ့တဲ့အပေါ် အလွန်ဝမ်းမြောက်မိရပေမယ့်လည်း အသင်းကနေ ထွက်ခွာချိန်မှာတော့ သူရဲ့ နှုတ်ဆက်ပွဲအတွက် လုပ်ဆောင်ပေးတာမျိုးကို သဘောမကျမိကြောင်းနဲ့ ဘာစီလိုနာက အသင်းမှာ သမိုင်းတစ်ခု ရေးထိုးနိုင်ခဲ့တဲ့သူတွေကို ဂရုမစိုက်တတ်ဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၃၉)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့်ညာနောက်ခံကစားသမားကြီး အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာပဲ သူရဲ့ အသင်းဟောင်း ဘာစီလိုနာဆီကို ကာလတိုစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာတော့ ဘာစီလိုနာဘက်က အဲလ်ဗက်စ်ကို သက်တမ်းမတိုးတော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်လိုက်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ပတ်သက်ပြီး အဲလ်ဗက်စ်က “ကျွန်တော် ဘာစီလိုနာအသင်းဆီကို ပြန်လာခွင့်ရတာ အရမ်းပျော်ရွှင်မိတယ်။ ဒီလို ဒုတိယအကြိမ် ပြန်ရောက်လာနိုင်ဖို့အတွက် (၅)နှစ်လောက်အထိကို အိမ်မက် မက်ခဲ့ရတာ”

Photo Credit : Daily Mirror

“ကျွန်တော် တစ်ခုတည်းသော မကြိုက်တာကတော့ ကျွန်တော်ရဲ့ နှုတ်ဆက်ပွဲအတွက် ကိုင်တွယ်လုပ်ဆောင်ပုံကိုပါပဲ။ ကျွန်တော် ဒီကို ပြန်ရောက်လာကတည်းက ကျွန်တော်က အသက်(၂၀)အရွယ် မဟုတ်တော့ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်။ ပြီးတော့လည်း ဘယ်အရာကိုမှ ဖုံးကွယ်မထားပဲနဲ့ ပွင့်လင်းမြင်သာစွာနဲ့သာ ပြီးဆုံးသွားချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီအသင်းက မကြာမီနှစ်များအတွင်းမှာ ချိုးဖောက်ထားခဲ့တာတွေ အများကြီး ရှိနေပါတယ်။ ဘာစီလိုနာက အသင်းမှာ သမိုင်းရေးထိုးပေးခဲ့တဲ့ ကစားသမားတွေကို ဂရုမစိုက်တတ်ပါဘူး။ ဘာစီလိုနာအသင်းရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော် ဘာစီလိုနာကို မတူညီတဲ့ အရာတွေ လုပ်ဆောင်စေချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် အဲလ်ဗက်စ်က သူ့ကို အသင်းဆီ ခေါ်ဆောင်ပေးခဲ့ကြတဲ့ အသင်းဖော်ဟောင်း ဇာဗီနဲ့ အသင်းဥက္ကဌ ယိုဟန်လာပေါ်တို့ကိုတော့ ကျေးဇူးအထူးတင်မိကြောင်းနဲ့ သူ့အနေနဲ့ လက်ရှိ အသက်(၄၀)နား ကပ်နေပေမယ့်လည်း ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ်အသင်းနဲ့အတူ ဆင်နွဲချင်တာကြောင့် ကလပ်အသင်းသစ် တစ်သင်းကို ထပ်မံရှာဖွေဦးမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ လက်ရှိမှာ မက္ကဆီကိုကလပ် ပူးမက်စ် UNAM အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ဆွေးနွေးလျက် ရှိနေပါတယ်။

Exit mobile version